ထိုင်း ကချေသည် (အပိုင်း-၁)

[ပီတာ – မြန်မာလူငယ်]

“သူသေ သွားပြီ…. ‘ပို’ သေသွားပြီ”
“ငါသူ့ကို သတ်လိုက်တယ်…. အခု ‘ပို’ သေသွားပြီ”

ငါ ဒီကောင်မလေးကို သတ်မိလိုက်လိမ့်မယ် လို့ ငါ့ကိုယ်ငါ မယုံနိုင်ဖူး၊ အခု ငါဘာဆက်လုပ်ရတော့မလဲ ဆိုတာ မသိတော့ဖူး၊

ဒီကောင်မလေး မရှိဘဲနဲ့ ငါဘာဆက်လုပ်မလဲ? သူသေသွားတာကို တွေ့သွား ကြတဲ့ အခါ – ငါ့အပေါ် ဘယ်လို ပြဿ      နာတွေ ရောက်လာမလဲ?

ဒါ ငါ့အပြစ်ဆိုတာ လူတိုင်း သိကြလိမ့်မယ်၊ တစ်ခန်းလုံးလဲ ပွစာ ကျဲနေအောင် ငါလုပ်ခဲ့တယ်၊ ငါ့လက်ဗွေရာတွေလဲ တစ်ခန်းလုံးမှာ ရှိနေတယ်…။

ငါအခန်းထဲက ပြေးထွက်လာတာကို အခန်းဘေးက လူတွေလဲ တွေ့သွားကြတယ်၊ ‘ပို’ နဲ့ အခန်းထဲမှာ ရှိနေခဲ့တဲ့ တစ်ယောက်ကလဲ ငါ့ကို ကောင်းကောင်းမှတ်မိ နေမယ်၊ ‘ပို’ ရဲ့ သူငယ်ချင်းတွေက လဲ ငါနဲ့ ‘ပို’ နဲ့ အမြဲ စကားများ အစဉ်မပြေ ဖြစ်နေတာကို သိကြတယ်၊ ငါ ဘယ်မှာ နေသလဲ ဆိုတာလဲ သူတို့ သိကြတယ်။

တက္ကစီ ဒရိုင်ဘာကလဲ ငါ့ကို နောက်ကြည့်မှန်က ကြည့်နေတယ်…၊ ငါ ထိတ်လန့် တကြား ဖြစ်နေတာ သူ သတိမထားမိအောင် စိတ်ကို ငြိမ်ငြိမ်ထားမှ ဖြစ်မယ်….၊ ဒါပေမဲ့လဲ ငါ့စိတ်ကို ဘယ်လို ငြိမ်အောင် လုပ်မလဲ…။

ငါ ဒီလူ့ကို မြန်မြန်မောင်း စေချင်ကာမှ မီးနီက လဲ လာမိနေသေးတယ်၊ ဘန်ကောက်မှာ ဒီလို မီးနီ တစ်ခါမိရင် အနည်းဆုံး ၁၀ မိနစ်၊ ၁၅ မိနစ်တော့ စောင့် ရတော့မယ်။ မီးပွိုင့် စောင့်ရင်း ဒီ ဒရိုင်ဘာကလဲ ငါ့ကို နောက်ကြည့်မှန်က ကြည့်ပြီး – အင်္ဂလိပ်စကား မပီကလာနဲ့ – ဘယ်ကလာသလဲ၊ ဘာလူမျိုးလဲ လာပြီး စပ်စု နေသေးတယ်။ မကြားချင်ယောင် ဆောင်ပြီး၊ ကားပြူတွင်းပေါက်နေက အပြင်ကို ငေးကြည့်နေတာဘဲ ကောင်းပါတယ်။

လမ်းဘေးက အစားအသောက်တန်းတွေ၊ အပေါစား အဝတ်ထည် ဆိုင်တန်းတွေ ညပ်နေတဲ့ – ဘန်ကောက် ပလပ်ဖောင်းကို ငေးကြည့်နေပေမဲ့လဲ ငါ့ ခေါင်းထဲမှာတော့ ‘ပို’ ဘဲ ရောက်နေတယ်။ ငါ့ဘေး ပတ်ဝန်းကျင်မှာ ရှုတ်ရှက်ခတ် လှုပ်ရှားနေပေမဲ့လို့ အားလုံးက ငါ့အတွက် မှာတော့ ရပ်နေသလိုဘဲ။

အသက်ကို မှန်မှန် သတိထား ရှူနေပေမဲ့ အာရုံထဲမှာ အရာရာတိုင်း အကုန်လုံးက ရပ်နေသလို ဘဲ။

မျက်စိထဲမှာလဲ ‘ပို’ ကိုဘဲ မြင်နေတယ်၊ သူ့ကိုယ်ပေါ်မှာ ငါ့နာမယ် နဲ့ ထိုးထားတဲ့ ဆေးမှင်ကြောင် တက်တူး၊ နောက်သူ့လက်ကို ဒါးနဲ့လှီးပြီး ငါ့နာမည် အရာ ထင်နေတဲ့ အမာရွတ်၊ ဒါတွေ အားလုံး ငါ့ အမှား တွေချဉ်းဘဲ။

ငါ့ကို ပုလိပ်က ဘာဘဲ လုပ်လုပ်၊ သူ့မိသားစုက ဘာဘဲ လုပ်လုပ်၊ ငါ မမှုတော့ဖူး။ ငါ့ကို သူတို့ အခုဖြစ်နေတဲ့ စိတ်ခံစားမှု ထက် ပိုပြီး ဆိုးအောင် လုပ်နိုင်ကြမှာ မဟုတ်ဖူး။

ဒီလောက် တုန်လှုပ် ခြောက်ခြား စရာကောင်းတဲ့ ကိစ္စဖြစ်ပြီး၊ ‘ပို’ သေပြီးနောက်မှာ တော့ – ငါ့ဘဝလဲ ဆုံးပြီ။ ဒီ အပြစ်ကြီးနဲ့ ငါဘယ်လို ဘဝကို ရှေ့ဆက်နိုင်မှာလဲ။ ‘ပို’ သေသွားပြီ၊ ငါသူ့ကို သတ်တယ်… ဒါဆို ငါလဲ သေရတော့မှာဘဲ။


[ထွန်းထွန်း – မြန်မာ ကျောက်မျက်ဆိုင် ပိုင်ရှင်]

ငါ ဒီလို အဖြစ်ဆိုးမျိုးနဲ့ အဆုံးသတ်တော့မယ် ဆိုတာ အစောကြီးထဲက ကြိုသိတယ်။

ဒါပေမဲ့ ‘ပို’ က ဘယ်လောက်ဘဲ ပီတာ ကို လိမ်လိမ် – ညာညာ၊ ‘ပို’ အနေနဲ့ ဒီလိုတော့ မသေသင့်ဖူး။

ငါ အခု အကြောင်း ကြားကြားချင်း တော်တော် အံ့သြပြီး လန့်သွားတယ်။

မှန်တယ် – ‘ပို’ က အရက်ဘား ညပွဲရုံမှာ ကတဲ့ ကောင်မလေး၊ ချစ်စရာ ကောင်းတဲ့ ရုပ်ရည်လေးလဲ ရှိတယ်၊ ဒါပေမဲ့ သူ့ဘဝကို သူကိုယ်တိုင် ရွေးချယ် ပိုင်ခွင့် မရှိခဲ့ဖူး။

‘ပို’ က ပီတာ့ကို သူလုပ်နေတဲ့ ညကပွဲရုံ အရက်ဆိုင် ဘဝထဲကနေ ခေါ်ထုတ်သွား စေချင်တာ ငါသိတယ်။

အခုတော့ ပီတာ ဘာဖြစ်မယ် ငါလဲ မပြောတတ်တော့ဖူး။ တက်မပါတဲ့ ရွက်လှေလို လေတိုက်ရာ လွှင့်ရမဲ့ ပုံစံအတိုင်း – ကုသိုလ်ကံ ပို့ရာကိုသာ ပီတာ ရောက်တော့မဲ့ အခြေအနေဖြစ်နေပြီ။

အခြေအနေတော့ သိပ်မကောင်းဖူး ငါမြင်တယ်။ ဒီကောင်မလေး သေတာဟာ ပီတာ အတွက် အရိပ်မဲကြီးလို စွန်းသွားတဲ့ အပြင်မှာ – ပီတာရဲ့ ဘဝ ရှေ့မှာတော့ သူ့ဖာသာ ရပ်တည်နိုင်ဖို့ လမ်း သိပ်မမြင်တော့ဖူး။


[အတီး – ဟွန်ဒီ ငွေပွဲစား]

‘ပို’ သေသွားတယ်၊ ဟုတ်လား?

ထွန်းထွန်း ပြောလို့ ကြားရတာ – သိပ်တော့ မအံ့သြပါဖူး၊ ငါကတော့ ကြက် တစ်ကောင် သေလို့ မျက်ရည်ကျမှာ မဟုတ်ပါဖူး၊ ဘာမှ ရေးကြီးခွင်ကျယ်ကို လုပ်စရာ မလိုဖူး။ ထိုင်းက ကြက် တွေက ဘယ်တော့မှ သက်ဆိုးရှည်တာမှ မဟုတ်တာ။

တစ်ည ယောက်က်ျား ၄ – ၅ ယောက်နဲ့ ဆက်ဆံတယ်၊ ဆေးချတယ်၊ မကြာခင် ဟိုရောဂါ ဒီရောဂါ ဝင်လာမယ်၊ သေမှာဘဲ။ ဒီလိုဘဲ ထိုင်းက ကြက်မတွေ သေနေတာဘဲ၊ ဆေးလွန်လို့ သေရင် သေ၊ ကိုယ့်ကိုယ်ကို သတ်လို့ သေရင် သေ၊ မော်တော် ဆိုင်ကယ် တိုက်လို့ သေရင်သေ၊ သူတို့က နေ့တိုင်း သေနေကြတာ၊ ဘာမှ မထူးဆန်းဖူး။

‘ပို’ နဲ့ ပီတာနဲ့ က နေ့တိုင်း လိုလို တွေ့ကြ ဆက်ဆံ နေကြတယ်၊ ဒါကို ပီတာက လွန်ခဲ့တဲ့ တစ်လ၊ နှစ်လ လောက်ကတည်းက ဘာဖြစ်လို့ မရပ်လဲ – ဒါကို ဘဲ ငါကတော့ အံ့အားသင့်တယ်။

‘ပို’ ကတော့ ဖာသည်မဘဲ….၊ သူ့ထိုက်နဲ့ သူ့ကံဘဲ၊ ငါတော့ ဒီလိုဘဲ တွက်တယ်။

ပီတာ့ အတွက်တော့ ဒီကောင် ဘာဖြစ်မလဲ မသိဖူး၊ ဒီကောင် ပါးနပ်ရင်တော့ ဘန်ကောက်ကနေ အစောဆုံးထွက်မဲ့ နောက် လေယာဉ်ပျံ တစီး ပေါ်တက်ပြီး အမြန်ဆုံး ထိုင်းကနေ ထွက်ပြေး ရမှာဘဲ။


(အပိုင်း ၂ သို့)

ဤ ဝထ္ထုရှည်ကို အခန်းဆက် အဖြစ် ရေးသား တင်ဆက်ပါမည်။ အင်တာနက်ပေါ်တွင် ဤစာမျက်နှာမှ တဆင့် ဝေဌ ဖတ်ရှု အားပေးနိုင်ပါသည်။ မဂ္ဂဇင်း (သို့မဟုတ်) စာစောင်များ စသည်တို့မှ တဆင့် ပြန်လည် ပုံနှိပ်လိုပါလျှင် စာရေးသူ၏ ခွင့်ပြုချက်ကို ဤ ဆိုဒ်မှ တဆင့် တောင်းယူပါ။ စာသားများကို ကော်ပီ သက်သက် ကူးယူ ပြန်ကပ်ပြီး၊ မဖော်ပြရန် မေတ္တာရပ်ခံပါသည်။

7 comments

အခြားဖတ်စရာများ -

စာဖတ်သူ၏ မှတ်ချက်များ

    1. အပတ်စဉ် စနေ တနင်္ဂနွေတိုင်း တင်ပေးသွားဖို့ စီစဉ်ထားပါတယ်။

      0

      0
  1. ကိုးရီးယား ကားကြည့်​ရသလို အခန်းဆက်​နဲ်​​နော်
    မြန်​မြန်​ ​လေး တင်​ရင်​ ပို​ကောင်း မှာ

    0

    0
    1. အပတ်စဉ် စနေ တနင်္ဂနွေတိုင်း တင်ပေးသွားဖို့ စီစဉ်ထားပါတယ်။

      0

      0
    1. စာအုပ် မထုတ်ပါ- အွန်လိုင်း ဒီ page မှာ ဖတ်သွားနိုင်ပါတယ်။

      0

      0

စာဖတ်သူ၏ မှတ်ချက် ရေးသွင်းရန်

(မှတ်ချက်ရေးသွင်းသည့်အခါ အမည်နှင့် အီးမေးလ် လိပ်စာထည့်သွင်းရန် လိုအပ်ပါသည်၊ အီးမေးလ် လိပ်စာကို အများမြင်အောင် မည်သည့်နေရာတွင်မှ ဖော်ပြမည် မဟုတ်ပါ။)

မှတ်ချက်များ ထည့်သွင်းခြင်း နှင့် ပတ်သက်၍ သတိပြုရန်