ထိုင်း ကချေသည် (အပိုင်း-၅၈)

[အတီး – ဟွန်ဒီ ငွေပွဲစား]

ပီတာ ငါ့ ဆိုင်ကို ရောက်လာပြီး ‘ပို’ နဲ့ ပတ်သက်လို့ တောင်ပြောမြောက်ပြော လျှောက်ပြောတယ်။ ဘာဘဲ ဖြစ်ဖြစ် ‘ပို’ က သူ့ကို ချစ်တယ် ဆိုတာ သူ ယုံကြည်အောင် သက်သေပြနိုင်တဲ့ အတွက် ‘ပို’ ကို လက်ထပ်ဖို့ သူ ဆုံးဖြတ်လိုက်တယ်လို့ ပြောတယ်၊ သြစတေးလျှကို ခေါ်သွားဖို့လဲ စီစဉ်နေတဲ့ အကြောင်း ပြောပြတယ်။ ဒါပေမဲ့ သူ ထိုင်းမှာ သုတေသန အလုပ်အတွက် စရိတ်ငွေတွေ မရတော့လို့ သုတေသန အလုပ်ကို ခဏ ရပ်ထားတော့မယ် လဲ ပြောတယ်။ ငါ ထင်တယ်… ဒီအတိုင်း သူ့မှာ ဝင်ငွေ မရှိတော့ရင် ထိုင်းမှာ ဆက်ရပ်တည်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဖူး။ ‘ပို’ ကို သြစတေးလျှ ခေါ်သွားမယ် ဆိုတာလဲ အနည်းဆုံး ဗီဇာလျှောက်ဖို့ နှစ်လ၊ သုံးလတော့ အချိန်ယူရအုံးမယ်၊ တစ်ခါ ဟိုမှာ အခြေချဖို့ကလဲ အချိန် အနည်းနဲ့ အများ ယူရအုံးမယ်၊ လောလောဆယ် သူ့မှာ အလုပ်မရှိဘဲ ဒီအချိန် အတောအတွင်း သူ ဘယ်လို စီစဉ်မယ် ဆိုတာတော့ ငါမသိဖူး။

ထိုင်းနိုင်ငံဟာ နိုင်ငံခြားသားတွေကို လူမွဲဖြစ်သွားအောင် လုပ်တတ်တယ် ဆိုတာ ပီတာ သိလာတော့မယ်။ ထိုင်းနိုင်ငံဟာ မိန်းမပျိုတွေ၊ ပေါများတဲ့ အစားအသောက် တွေ၊ အပြုံးတွေ၊ အလှအပတွေ နဲ့ ဆွဲဆောင်ပြီး နောက်ဆုံးတော့ ဒါတွေဟာ သဲကန္တာရ ထဲက တံလျှပ်လိုဘဲ တကယ် ထိတွေ့ ပိုင်ဆိုင်လို့ မရတာကို သိတဲ့ အချိန်မှာတော့ နောက်ကျသွားတတ်ကြတယ်။ နောက်ဆုံးမှာတော့ ငွေလဲကုန်၊ လူလဲပန်းပြီး၊ ဘဝပါ ပျက်ဆီး သွားကြတဲ့ နိုင်ငံခြားသားတွေ ရှေ့မှာ သာဓက အများကြီး ရှိခဲ့တယ်။

ငါ ဒီမှာ ရပ်တည်နေနိုင်တယ် ဆိုတာ ငါက ဒါတွေကို တံလျှပ် ဆိုတာ မြင်ထားပြီးပြီ၊ ဒါ့ကြောင့် ဒါတွေရဲ့ လှည့်ဖျားတဲ့ နောက်ကို ငါ မလိုက်ဖူး၊ အရှိကို အရှိအတိုင်း လက်ခံတယ်။ ပီတာ လို လူမျိုးကတော့ လှည့်စားမှုတွေကို အဟုတ်ထင်တယ်၊ ဒီလှည့်စားမှုတွေကို ကိုယ့်ကို ဖျက်ဆီးပစ်လိုက်တဲ့ အထိ အဟုတ်လုပ် ယုံကြည် နေတယ်၊ အခုဆို ပီတာရဲ့ ဘဝဟာ ပျက်ဆီးရာဖက်ကို ဦးတည်နေပြီ။


[ပီတာ – မြန်မာလူငယ်]

ချိန်းထားတဲ့ အချိန်ထက် တစ်နာရီလောက် နောက်ကျမှ ‘ပို’ ရောက်လာတယ်။ ‘အို’ နဲ့ သူ့ အဖေ ဘန်ကောက် ရောက်လာကြပြီး၊ သူ့ကို ငါနဲ့ လာမတွေ့ဖို့ တားကြတယ်လို့ ပြောပြတယ်။

“သူတို့ နင့်ကို အရမ်း စိတ်ဆိုးနေကြတယ် ပီတာ…၊ ဒါပေမဲ့ ငါသူတို့ကို – ပြဿ     နာ မရှိပါဖူး… ငါ နင့်ကို တစ်ယောက်ထဲဘဲ ချစ်တယ် ဆိုတာ ပြောပြလိုက်တယ်”

အနက်ရာင် လီဗိုက်စ် ဂျင်းဘောင်းဘီ၊ အနက်ရောင် တီရှပ်နဲ့ ‘ပို’ ဟာ သိပ်ကို လိုက်ဖက် လှပ နေတယ်။ ‘ပို’ ရှေ့မှာ သူ့အတွက် လိမ္မော်ရည်ကို စားပွဲထိုးက လာချပေးတဲ့ အခါ ‘ပို’ ရဲ့ လက်ဖျံပေါ်က အမာရွတ်တွေကို တွေ့သွားပြီး၊ အဲဒီ စားပွဲထိုး ကောင်မလေး မျက်လုံးပြူးသွားတာကို ငါ သတိပြုမိလိုက်တယ်။ ‘ပို’ ကတော့ သတိထားမိပုံ မပေါ်ဖူး၊ ဒီ့ပြင် သူက ဘယ်တော့မှ သူ့ လက်က အမာရွတ်တွေကို ဖုံးဖို့ ဖိဖို့ မကြိုးစားဘဲ အင်္ကျီဝတ်ရင်တောင် အမြဲလိုလို လက်တို လက်ပြတ်ဘဲ ဝတ်တယ်။

သူ့ကို ဗိုက်ဆာပြီလား မေးကြည့်တော့ သူက ခေါင်းခါပြီး သူ စားပြီးပြီလို့ ပြောတယ်။ သူ – သူ့မိသားစုတွေနဲ့ အပြင်မှာ သွားစားပြီးမှ ရောက်လာတဲ့ အတွက် ချိန်းထားတာကို နောက်ကျတယ် ဆိုတာ နားလည်လိုက်တယ်။ ငါနဲ့ ဒီမှာ ညစာ စားဖို့ ချိန်းထားတာကို မစားတော့ဘဲ အရင် စားလာတယ် ဆိုတဲ့ အခါ နဲနဲ ဒေါသ ဖြစ်သွားတယ်၊ ဒါပေမဲ့ ချက်ခြင်းဘဲ ငါ နားလည်ပေးရမယ်၊ ဒေါသ မဖြစ်သင့်ဖူးလို့ ချင့်ချိန်မိတယ်။ ဒီလို အချိန်မှာ ရွာကနေ သူ့ဆီ ရောက်လာကြတဲ့ သူ့အမ နဲ့ အဖေကို သူ ဦးစားပေးသင့်ပါတယ်။

ငါ သူ့ကို လက်ထပ်ယူပြီး သြစတေးလျှကို ခေါ်သွားမယ်၊ လက်ထပ်ဖို့နဲ့ သြစတေးလျှကို သွားဖို့ ဗီဇာအတွက် သူ ဘန်ကောက်ကို ပြန်ရောက်တဲ့ အခါမှာ စ, ပြီး စီစဉ်မဲ့ အကြောင်း ပြောလိုက်တယ်။ သူက ပြုံးပြီး – “ကျင်ကျင်?” တကယ်လား လို့ ထိုင်းလို မေးလိုက်တယ်။

ငါက တကယ်ပြောတဲ့ အကြောင်းနဲ့ လက်ထပ်ပြီး သူ့ကို တသက်လုံး ငါ့အနားမှာ ခေါ်ထားမဲ့ အကြောင်း ပြောတဲ့ အခါ၊ သူက –

“ဒါ ဆိုရင် ရွာမပြန်တော့ဘဲ နင့် နဲ့ဘဲ ဘန်ကောက်မှာ နေပြီး အခုဘဲ စီစဉ်ကြမယ်လေ…”

ငါက အခုလောလောဆယ် ငါ တစ်ယောက်ထဲ အလုပ်ကိစ္စတွေ ပြန်ပြီး အစီအစဉ် လုပ်ဖို့ လိုသေးတယ်၊ တစ်ပတ် နှစ်ပတ်လောက် နေမှ စ, ပြီး ပြင်ဆင်လို့ ရမယ်၊ သူ့ အနေနဲ့ လဲ ရွာပြန်ပြီး မိသားစုနဲ့ ခဏလောက် ပြန်နေတာ ကောင်းလိမ့်မယ် လို့ ပြောပြတယ်။

“အိုကေ… နင့်အတွက် ငါ လုပ်ပေးပါ့မယ်” လို့ သူပြန်ပြောတယ်။

သူ့ကို မေရီနဲ့ သူ့ရဲ့ ကြောင် အကြောင်း ပြောပြတယ်၊ ‘ပို’ က ငါ ပြောတာကို သေသေချာချာ နားထောင်ပြီး သူနားမလည်တဲ့ စကားလုံးတွေ ဆိုရင် ငါ့ကို ပြန်မေးတယ်။ ငါ ပြောပြီးတဲ့ အခါ ငါ့လက်ပေါ်ကို သူ့လက်နဲ့ ဆုတ်ကိုင်လိုက်ပြီး – “ပီတာ ငါ နင့်သူငယ်ချင်းရဲ့ ကြောင်လေးနဲ့ မတူပါဖူး၊ ငါ နောက်တစ်ခါ နင့်ကို ဒုက္ခမပေးတော့ပါဖူး” လို့ ပြောတယ်။

ငါပြောတဲ့ အကြောင်းရဲ့ အဓိပ္ပါယ်ကို သူ သဘောပေါက်တဲ့ အတွက် ကျေနပ်မိပါတယ်၊ နောက် တစ်ခါ ဒုက္ခမပေးတော့ဖူး ဆိုတာကိုတော့ – ဒီ့ထက် ပိုပြီး ဘာများ ဒုက္ခပေးစရာ ရှိအုံးမှာလဲလို့သာ စိတ်ထဲကနေ မေးမိတော့တယ်။

ဘီလ်ရှင်းပြီး စားသောက်ဆိုင် အပြင်ကို ထွက်ခဲ့ကြတယ်၊ သူက ငါ့လက်ကို ကိုင်ထားပြီး ငါ့အပေါ် ယုံကြည်ချက် ထားတဲ့ မျက်လုံးနဲ့ ငါ့ကို မော့ကြည့်လိုက်တယ်။ ငါ သူ့ကို နမ်းလိုက်ပြီး သူ့ရဲ့ ဆံပင်တွေ ကြားထဲမှာ ငါ့မျက်နှာကို အပ်ထားလိုက်တယ်၊ သူ့ကိုလဲ ဖက်ထားလိုက်တယ်…၊ သူ ‘အင့်’ ကနဲ ဖြစ်သွားတဲ့ အထိ အတင်း အကြပ် ဖက်လိုက်တယ်။

ငါ သူ့ကို ချစ်တာ ဒီဘဝမှာ အခြား တစ်ယောက်ယောက်ကို ချစ်ဖူးတာထက် အများကြီး ပိုတယ်၊ ငါ့ ဘဝကို သူ့အတွက် ပေးနိုင်တယ်၊ ငါ သူ့အတွက် သေရဲတယ်၊ သူဟာ ငါ့ရဲ့ ဘဝဘဲ…။ ဒီခံစားချက်တွေကို ငါ သူ့ကို နားလည်အောင် ကြိုးစားပြီး ရှင်းပြတဲ့ အခါ၊ သူက ရီပြီးတော့ – “ပီတာ… နင်မူးနေပြီနဲ့ တူတယ်” လို့ ပြောတယ်၊ ငါ မမူးပါဖူး….။

ငါက သူ့ကို တက္ကဆီပေါ် တင်ပေးမယ် ဆိုတော့ သူက ငါ့ကို အရင်သွားပါလို့ ပြောတယ်၊ ငါ သူ့ကို နောက်တခါ နမ်းလိုက်တယ် အခါ သူက ငါ့ကို ချစ်တယ်လို့ ပြောတယ်။ မနက်ဖြန် သူ့ ရွာကို ငါဖုန်းဆက်လိုက်မယ်…၊ နောက်နေ့လဲ ဆက်လိုက်မယ်…၊ နောက်နေ့တွေ… နောက်နေ့တွေ… ဘန်ကောက် ပြန်ရောက်လာတဲ့ အထိ နေ့တိုင်း ဆက်မယ် လို့ ပြောလိုက်တယ်။ သူ့ရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေ ဝဲလာပြီး ပါးပေါ်ကို ကျလာတာ တွေ့လိုက်ရတယ်။ ချက်ခြင်းဘဲ ငါ သူ့ကို ပိုက်ဆံပေးဖို့ ရှိတာကို သတိရတာနဲ့ ဘောင်းဘီ အိတ်ထဲက စာအိတ်နဲ့ ထည့်ထားတာကို ထုတ်ပြီး ပေးလိုက်တယ်။ နောက်တော့ မော်တော် ဆိုင်ကယ် တက္ကဆီ တစ်စီးကို လက်ပြခေါ်လိုက်ပြီး၊ အိမ်ကို ပြန်ခဲ့တယ်။

ငါ ထွက်သွားတာကို သူရပ်ကြည့်နေခဲ့တယ်၊ ဆိုင်ကယ်က လမ်းကွေ့ချိုးတဲ့ အချိန်မှာ သူ့ကို လှည့်ကြည့်လိုက်တော့၊ သူ့လက်နဲ့ နှုတ်ခမ်းကို တေ့ပြီး ငါ့ကို အဝေးကနေ အနမ်းလှမ်း ပေးလိုက်တာ တွေ့လိုက်ရတယ်။


[ဆွမ်ချိုင်း – ကြေးစား လူသတ်သမား]

စားသောက်ဆိုင် ထဲကနေ ‘ပို’ နဲ့ ယောက်ျား တစ်ယောက်ထွက်လာတာ ငါတို့ တွေ့လိုက်တဲ့ အခါ၊ ငါ က ဆိုင်ကယ် အနောက်မှာ ခွလိုက်ပြီး၊ ဖုန်ဆပ် က ဆိုင်ကယ်ကို စက်နှိုးလိုက်တယ်။ ‘အို’ ပေးလိုက်တဲ့ ဓါတ်ပုံထဲက လူ ဆိုတာ မှားစရာမရှိဖူး၊ ငါက ဖုန်ဆပ်ရဲ့ ပုခုံးကို ပုတ်လိုက်တဲ့ အခါ ဖုန်ဆပ်က ခေါင်းငြိမ့်ပြတယ်။ ငါတို့ နှစ်ယောက်လုံး မျက်နှာကို ကာတဲ့ ဆိုင်ကယ်ဦးထုတ်တွေ ဆောင်းထားတာမို့ ငါတို့ မျက်နှာကို ဘယ်သူမှ မြင်မှာမဟုတ်ဖူး။ ဆိုင်ကယ်ကလဲ ဖုန်ဆပ်က ခိုးလာပြီး နံပါတ်ပြား လဲထားတဲ့ အတွက် ကိစ္စ ဝိစ္စပြီးရင် ဒီဆိုင်ကယ်ကို မီးရှို့ပစ်ခဲ့လိုက်ရုံဘဲ။

ငါ ဖုန်ဆပ်နဲ့ အလုပ်လုပ်တာ ဆယ်ကြိမ်မက ရှိခဲ့ပြီ၊ ဖုန်ဆပ်က ဆိုင်ကယ်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ နိုင်နိုင်နင်းနင်း မောင်းနိုင်တယ်။ တခါတုန်းက ဖုန်ဆပ် မအားလို့ အခြားတစ်ယောက်နဲ့ လုပ်တုန်းက သေနတ်ဖောက်လိုက်တဲ့ အခါ ဆိုင်ကယ် မှောက်မလို ဖြစ်သွားတယ်။ ဖုန်ဆပ်ကတော့ အဲသည်လို မဟုတ်ဖူး၊ တည်ငြိမ်ပြီး ဆိုင်ကယ်ကို ကောင်းကောင်း ထိန်းနိုင်တယ်။

‘ပို’ နဲ့ ယောက်ျား တစ်ယောက် စားသောက်ဆိုင် ရှေ့မှာ ရပ်ပြီး စကားပြောနေကြတယ်၊ ‘ပို’ က ချေဖျား ထောက်ပြီး အဲဒီယောက်ျားရဲ့ ပါးကို နမ်းနေတယ်၊ အဲဒီယောက်ျားကလဲ ‘ပို’ ရဲ့ ဆံပင်တွေကို သပ်ပေးနေတယ်၊ ဘယ်လောက်တောင် ချစ်ကြည်နှူးဖွယ် ဖြစ်နေကြပါလိမ့်…။ ဖုန်ဆပ်က တစ်ခုခု ငါ့ကို လှမ်းပြောလိုက်တယ်၊ ဆိုင်ကယ်ဦးထုတ် ဆောင်းထားပြီး ဆိုင်ကယ်သံနဲ့ လမ်းက ကားသံတွေကြောင့် သူဘာပြောတယ် ဆိုတာကို သဲသဲကွဲကွဲ မကြားရဖူး။

အဲဒီ ယောက်ျားက သူ့ ဘောင်းဘီ အိတ်ထဲက နှိုက်ပြီး စာအိတ်လို တစ်ခုကို ‘ပို’ ကို ပေးလိုက်တဲ့ အခါ၊ ‘ပို’ က သူ့ အိတ်ထဲကို ထည့်လိုက်တယ်။ ဒါ ပိုက်ဆံဘဲ ဖြစ်မယ်…၊ ‘အို’ က ဒီလူဟာ ထိုင်းနဲ့ ရုပ်ခြင်းဆင်ပေမဲ့ နိုင်ငံခြားသား ဆိုတာ ငါ့ကို ပြောလိုက်တယ်။ ဒါသေချာသွားပြီ…၊  ထိုင်းတွေက ဘယ်တော့မှ သူတို့ ကောင်မလေးတွေ ကို ငွေ မပေးဖူး၊ ကောင်မလေးတွေ ကသာ သူတို့ ချစ်တဲ့ ယောက်ျားလေးတွေကို ငွေပေးကြတာ…။ ငါ လူသတ်လာတာ ၂၈ ယောက် ရှိသွားပြီ၊ ဒါ ပထမဆုံး နိုင်ငံခြားသား တစ်ယောက်ကို သတ်ရမှာဘဲ၊ ဒါ့ကြောင့်လဲ ငါ ဈေးနှစ်ဆ ပိုပြီး ဘတ် နှစ်သောင်း တောင်းခဲ့တယ်။ ‘အို’ က ဈေးမဆစ်ဘဲ တဝက် စရံပေးထားပြီး၊ အလုပ်ပြီးရင် ကျန် တဝက် ပေးမယ် ပြောတယ်။ ‘အို’ က ဒီအလုပ်အတွက် ‘ပို’ ကို ပြောထားသလား ဆိုတာတော့ ငါတို့ မသိဖူး၊ ဒါပေမဲ့ အလုပ်လုပ်တဲ့ အခါ ‘ပို’ ကို အနားမှာ ရှိမနေစေဖို့ သေသေချာချာ မှာခဲ့တယ်။ ဒါ့ကြောင့် ငါတို့ ခပ်လှမ်းလှမ်းကဘဲ စောင့်ကြည့်နေတယ်။

ဒီလူ ဆိုင်ကယ် တက္ကဆီ တစ်စီးကို လက်လှမ်းပြ ခေါ်လိုက်တယ်၊ နောက် ဆိုင်ကယ်ပေါ် ခွတက်လိုက်ပြီး ‘ပို’ ကို လက်လှမ်းပြတယ်။ ငါ ဖုန်ဆပ်ရဲ့ ပုခုံးကို ပုတ်လိုက်တယ်…၊ ဖုန်ဆပ်က ဆိုင်ကယ်ကို ဂီယာသွင်းပြီး ငါတို့ ဆွိုင် ၄ လမ်းထဲကနေ ဆူကွန်းဗစ် လမ်းမကြီးပေါ် တက်လိုက်တယ်။ ဒီလူ ဘယ်သွားမယ် ဆိုတာ ငါတို့ သိပြီးထားပြီ – သူ့အိမ်က ဆွိုင် ၂၃ လမ်းမှာ ရှိတယ်။

ငါ့ ဂျာကင် အင်္ကျီထဲကို လက်နှိုက်ပြီး သေနတ်လက်ကိုင် ကို ဆုတ်ထားလိုက်တယ်။ သေနတ်ထဲမှာ ကျဉ်ဆံ ၆ တောင့်ပါတယ်၊ တစ်ခုခု အမှားအယွင်း မရှိဖူး ဆိုရင် ကျဉ်ဆံ ၃ တောင့်ကိုဘဲ သုံးဖို့လိုမယ်။ တတောင့်ကို သူစီးနေတဲ့ ဆိုင်ကယ်ပေါ်က ပြုတ်ကျသွားအောင် ပစ်ရမယ်၊ နောက် တတောင့်က သူ့ရင်ဘတ်ထဲကို ချိန်ပစ်ရမယ်၊ နောက် တတောင့်ကတော့ သူ့ ခေါင်းကို ချိန်ပစ်ရမယ်။


(အပိုင်း ၅၉ သို့)

ဤ ဝထ္ထုရှည်ကို အခန်းဆက် အဖြစ် ရေးသား တင်ဆက်ပါမည်။ အင်တာနက်ပေါ်တွင် ဤစာမျက်နှာမှ တဆင့် ဝေဌ ဖတ်ရှု အားပေးနိုင်ပါသည်။ မဂ္ဂဇင်း (သို့မဟုတ်) စာစောင်များ စသည်တို့မှ တဆင့် ပြန်လည် ပုံနှိပ်လိုပါလျှင် စာရေးသူ၏ ခွင့်ပြုချက်ကို ဤ ဆိုဒ်မှ တဆင့် တောင်းယူပါ။ စာသားများကို ကော်ပီ သက်သက် ကူးယူ ပြန်ကပ်ပြီး၊ မဖော်ပြရန် မေတ္တာရပ်ခံပါသည်။

1 comment

စာဖတ်သူ၏ မှတ်ချက်များ

  1. အရမ်းစိတ်oင်စားဖို့ကောင်းပါတယ် မြန်မြန်တင်ပေးတဲ့အတွက်ဆရာ့ကိုကျေးဇူးတင်ပါတယ်

    0

    0

စာဖတ်သူ၏ မှတ်ချက် ရေးသွင်းရန်

(မှတ်ချက်ရေးသွင်းသည့်အခါ အမည်နှင့် အီးမေးလ် လိပ်စာထည့်သွင်းရန် လိုအပ်ပါသည်၊ အီးမေးလ် လိပ်စာကို အများမြင်အောင် မည်သည့်နေရာတွင်မှ ဖော်ပြမည် မဟုတ်ပါ။)

မှတ်ချက်များ ထည့်သွင်းခြင်း နှင့် ပတ်သက်၍ သတိပြုရန်