မင်းကလဲ မင်း၊ ငါကလဲ ငါ

ဤဝထ္ထုတိုသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ခဲ့ပြီး၊ ခင်မင်ရင်းနှီးခဲ့သော မြန်မာပြည်က ရွှေ့ပြောင်း အလုပ်သမ ကရင်မလေး တစ်ယောက်နှင့် မိမိရဲ့ အဖြစ်အပျက်ကို အဖြစ်မှန်အတိုင်း ပြန်လည် ရေးသား တင်ပြခြင်းဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို ရေးသားတင်ပြရခြင်းမှာ မည်သူ တစ်စုံတဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုခြင်း မဟုတ်ဘဲ၊ ဤအဖြစ်အပျက်ကြောင့် မိမိရဲ့ အတွေးအမြင် ပြောင်းလဲ တွေ့မြင်ရခြင်းကို ဦးတည် တင်ပြလိုခြင်းဖြစ်ပါတယ်။

မိမိဟာ ငယ်ငယ်ကတည်းက ချမ်းသာတဲ့ သူတွေ ဆင်းရဲတဲ့ သူများအပေါ် မောက်မောက်မာမာ ဆက်ဆံတာ၊ နှိမ့်ချ ဆက်ဆံတာ၊ အဆင့်အတန်း ခွဲခြားသတ်မှတ် ဆက်ဆံတာတွေကို တွေ့မြင်ရတဲ့ အခါတိုင်း မကျေနပ်ခဲ့ပါ။ တစ်ခါ ယောက်ျား မိန်းမ အခွင့်အရေး ခွဲခြားတာ၊ ပညာမတတ်တဲ့ သူများ အပေါ် ပညာတတ်သူများက ခေါင်းပုံဖြတ် အနိုင်ကျင့်တာတွေကိုလည်း လုံးလုံး လက်ခံလို့ မရခဲ့ပါဖူး။ ဒါကြောင့်လဲ ဒီလို ယဉ်ကျေးမှုမျိုး ထွန်းကားနေတဲ့ အရှေ့တောင် အာရှတိုင်းပြည်များမှ စွန့်ခွာခဲ့ပြီးနောက် သြစတေးလျှကို ရောက်လာတဲ့ အခါမှာတော့ သူတို့ရဲ့ လူ့ယဉ်ကျေးမှု ပုံစံကို အင်မတန် သဘောကျ နှစ်သက်မိရပါတော့တယ်။

(၁)
မိမိဟာ သြစတေးလျှမှာ နေထိုင်ရတာ အစဉ်ပြေ ကျေနပ်လှသော်လည်း အရှေ့တောင် အာရှ နိုင်ငံတစ်ခု ဖြစ်တဲ့ မြန်မာပြည်မှာ မွေးဖွားကြီးပြီးနောက် အရှေ့တောင် အာရှ နိုင်ငံများဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံတို့မှာ နှစ်ပေါင်းများစွာ ကျင်လည် နေထိုင်လာခဲ့ဖူးတော့လဲ အရှေ့တောင် အာရှနိုင်ငံများကို အားလပ်ရက် ရတယ်ဆိုရင် သွားရောက် လည်ပတ်ချင်စိတ်တော့ အမြဲဘဲ ရှိခဲ့ပါတယ်။ ဒါနဲ့ဘဲ မနှစ်က နှစ်လည်ပိုင်းလောက် ဖြစ်တဲ့ သြစတေးလျှရဲ့ ဆောင်းတွင်း အားလပ်ရက် တစ်လတာ အချိန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်အပတ် ခရီးထွက်ခဲ့ပါတယ်။

အလည်အပတ် ခရီးနောက်ဆုံးရက်မှာတော့ ထိုင်းမှာ အလွန် ဈေးနှုံးသက်သာပြီး ကောင်းမွန်တဲ့အတွက် လက်သည်းခြေသည်း ညှပ်၊ spa လို့ခေါ်တဲ့ ခန္ဓာကိုယ် သန့်ရှင်း ချေးညော်ကင်းစင်ခြင်း၊ သွားများ ဆေးကြောခြင်းတို့ကို လုပ်ဖို့ ထွက်ခဲ့ရာ ရှေးဦးစွာ နိုင်ငံခြား ခရီးသွားများ စည်ကားရာ လမ်းဘေး တစ်နေရာက လက်သည်းခြေသည်းညှပ်တဲ့ အလှပြင်ဆိုင် သေးသေးလေး တစ်ခုကို ဝင်လိုက်မိပါတယ်။

ဆိုင်ထဲ ရောက်တဲ့ အခါ အင်္ဂလိပ်လို – “လက်သည်း ခြေသည်း ညှပ်ပြီး သန့်စင်ရေးလုပ်ချင်လို့ပါ” လို့ မေးလိုက်တဲ့ အခါ၊ ဆိုင်က အမျိုးသမီး တစ်ယောက်က ထ လာပြီး၊ “ရပါတယ်၊ ဒီမှာ ထိုင်လိုက်ပါ” ဆိုပြီး ခြေသည်းညှပ်ဖို့ အမျိုးသမီးတစ်ယောက်က ပြင်ဆင်သလို၊ အခြား အမျိုးသမီး တစ်ယောက်ကလဲ လက်သည်းညှပ်ဖို့ လက်ကို ရေနွေးနဲ့ အရင်လာဆေးပေးပါတယ်။ ပြီးနောက်မှာတော့ လက်ကို အသာအယာ အဝတ်နဲ့ သုတ်ပြီး လက်သည်း စညှပ်ကာ ထိုင်းလူမျိုးတို့ ထုံးစံ အတိုင်း မိမိအား အင်္ဂလိပ်လို – “ဘယ်ကလာတာလဲ” လို့ မေးကာ စကားစပါတယ်။

မိမိက- “စစ်ဒနီက လာတာပါ” ဆိုတော့၊ လက်သည်း ညှပ်ပေးနေတဲ့ ကောင်မလေးက – “သြစတေးလျှလား?” လို့တအံ့တသြပြန်မေးကာ တဆက်တည်း “သြစတေးလျှက လာတယ်လဲ ဆိုသေးတယ် ရုပ်က ထိုင်းလူမျိုးနဲ့ တူတယ်နော်” ဆိုပြီး စကားစပါတော့တယ်။ မိမိကလည်း နောက်ပြောင်တဲ့ သဘောနဲ့ “ဘားမိစ် သြစတေးလျှ” လို့ပြန်ဖြေလိုက်တဲ့ အခါမှာတော့ ကောင်မလေးက ပိုအံ့အားသင့်သွားတဲ့ ဟန်နဲ့ “ဒါဆို မြန်မာပြည်က လား? မြန်မာစကား ပြောတတ်လား?” လို့ အင်္ဂလိပ်လို မေးရာ၊ မိမိက မြန်မာလို “မြန်မာပြည်မှာ မွေးတာ မြန်မာစကား ပြောတတ်တာပေါ့” လို့ မြန်မာလို ပီပီသသ ပြန်ပြီး ဖြေလိုက်ရာ သူလဲ မဆိုင်းမတွ – “ညီမလဲ မြန်မာပြည်က လာတာပါဘဲ” ဆိုပြီးနောက် လက်သည်း ညှပ်နေတဲ့ အချိန် တစ်နာရီလောက် တစ်လျှောက်လုံးမှာ ဒီကောင်မလေးနဲ့ စကားဖောင်ဖွဲ့ ဖြစ်ပါတော့တယ်၊ (ဟုတ်ပါတယ်၊ လက်သည်းက တစ်ယောက် ခြေသည်းက တစ်ယောက် ညှပ်ပေးတာ တစ်နာရီ ကြာပါတယ်)။

သူဟာ ကရင်ပြည်နယ် ဖက်က လာတဲ့ ကရင်မလေး တစ်ယောက် ဖြစ်တဲ့ အကြောင်း၊ ထိုင်းဖက်ကို ရွေ့ပြောင်း အလုပ်သမား အဖြစ်ရောက်လာပြီး ထိုင်းမှာ ၆ နှစ် ၇နှစ်လောက် ကြာပြီ ဖြစ်ကြောင်း၊ နောက်ဆုံး မနက် ၉ နာရီကနေ ညဖက် ၁၁ နာရီအထိ နားရက်မရှိ အလုပ်လုပ် ရတဲ့ အကြောင်းနဲ့ ဆိုင်က ဧည့်သည်များထိုင်ဖို့ ထားတဲ့ ခုံတန်းရှည်မှာပင် ညဖက်အိပ်ရတဲ့ အကြောင်း အထိ အသေးစိတ် သူ့အကြောင်းကို မချွင်းမချန် ပြောပြခဲ့ပါတယ်။

လက်သည်း ခြေသည်း ညှပ်ပြီးတဲ့ အခါမှာတော့ သူ့ကို မုန့်ဖိုး ဘတ် ၂၀၀ ပိုပေးလိုက်ပြီး သူက ခင်ခင်မင်မင်ပင် နောက် ထိုင်းကို ရောက်ရင်လဲ ဖုန်းဆက်ပါဆိုပြီး ဖုန်းနံပါတ်ပေးလိုက်ရာ မိမိလည်း သူ့ဖုန်းနံပါတ်ကို မှတ်ယူခဲ့လိုက်ပါတယ်။

ဒီကောင်မလေးနဲ့ ပတ်သက်ပြီး မိမိ စိတ်ထဲမှာ ခံစားချက် တစ်ခု အိမ်အပြန်မှာ ပါလာခဲ့ပါတယ်။ ဘန်ကောက်ကနေ စစ်ဒနီကို ၉ နာရီကျော် လေယာဉ်စီးရတဲ့ အခိုက်မှာ မိမိရဲ့ အတွေးများဟာ ဒီကောင်မလေးနဲ့ ပတ်သက်ခဲ့ပါတယ်။

ထိုင်းမှာ ထိုင်းလူမျိုး တစ်ယောက်ကို တစ်နေ့ ၁၀ နာရီကျော်ပြီး အလုပ်ခိုင်းဖို့ ဆိုတာ မလွယ်ကူပါ၊ မည်သူမျှ လုပ်မည်မဟုတ်ပါ။ သို့သော် မြန်မာလူမျိုးများ အဖို့မှာမူ ဒီလို အလုပ်မျိုး ရဖို့မှာပင် အတော် ကြိုးစားပန်းစား ရှာယူကြရပါတယ်။ ဒီတော့ မြန်မာလူမျိုးတို့ဟာ ထိုင်းလူမျိုးတို့ရဲ့ မတရားခိုင်းစေတဲ့ တစ်နေ့ ၁၄၊ ၁၅ နာရီလောက် အလုပ်ကိုပင် မညီးမညူ လုပ်ကြရတဲ့ အပြင်၊ အားလပ်ရက် မရဘဲ၊ အလုပ်မှာနေ အလုပ်မှာစား နေရပါသေးတယ်။ ဒီလို ပင်ပင်ပန်းပန်း သူတပါးနိုင်ငံမှာ အလုပ်လာလုပ်နေရ ရှာတဲ့ ကရင်မလေးကို ကြင်နာ သနားစိတ် ဖြစ်မိခဲ့ပါတယ်။ ဒါကလည်း သူ့ရဲ့ ရုပ်ရည်လေးက ချစ်စရာလေး ဖြစ်တဲ့ အတွက် သူ့ကို မျက်စိကျမိခဲ့လို့ မဟုတ်လား ဆိုရင်တော့၊ ဟုတ်ကြောင်း ဝန်ခံရမှာပါ။

(၂)
ပုထုဇဉ် လူသားတိုင်းမှာ အတ္တဆိုတာတော့ ကိုယ်စီ ရှိကြတတ်တာပါဘဲ။ ဒါ့ကြောင့် မိမိမှာလည်း အတ္တရှိပါတယ်။ ဒီကရင်မလေးနဲ့ ရင်းနှီးချင်တယ်၊ သူနဲ့ အတူ သာယာကြည်နှူးမှု လိုချင်တယ်၊ သူ့ရဲ့ အယုအယတွေ ရယူချင်တယ် – ဒါတွေက မိမိရဲ့ အတ္တများ ဖြစ်ပါလိမ့်မယ်။ သို့သော်လည်း မိမိဟာ အတ္တကြီး သက်သက် ရှိတဲ့သူမျိုးတော့ မဟုတ်ဖူး ထင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ – ကိုယ့်ရှိလာတဲ့ အတ္တအတွက် ထိုက်တန်တဲ့ ပေးဆပ်မှုကိုတော့ တဖက်က တောင်းသည် ဖြစ်စေ၊ မတောင်းသည်ဖြစ်စေ၊ အမြဲ လုပ်ပေးချင်ပါတယ်။

ဒါ့ကြောင့်မို့ ဒီကရင်မလေး အနေနဲ့ ကိုယ့်လိုဘဲ ကိုယ်နဲ့ အတူနေရတဲ့ အခါ သာယာကြည်နှူးမှု ဖြစ်မယ်ဆိုရင်ဖြင့် သူ့ရဲ့ ဘဝမှာ သူတပါး အနိုင်ကျင့်ခံ ပင်ပန်းကြီးစွာ လုပ်ကိုင် ရှာဖွေ စားသောက်ရတဲ့ ဘဝမျိုးက ကင်းလွတ်စေဖို့ မိမိဖက်ကလည်း လုပ်ပေးလိုတဲ့ ဆန္ဒ ဖြစ်ခဲ့ပါတယ်။ သို့သော် သူ့မှာ ကြည်နှူးသာယာ စရာ အဖော်အသင်း ရှိပြီးရင်တော့လဲ၊ သူ့ ကံကြမ္မာ ရှေ့ရေး ကောင်းစေဖို့သာ ဆုတောင်း ရတော့မှာပါ။

ဒါ့ကြောင့်လဲ စစ်ဒနီကို ပြန်ရောက်တယ် ဆိုရင်ဘဲ သူ့ဆီကို ဖုန်းခေါ်ပြီး ပထမဆုံး သူ့မှာ ကာမပိုင် ယောက်ျား ရှိမရှိ၊ ဒါမှ မဟုတ် ရည်းစား ချစ်သူ ရှိမရှိ အရင် မေးတဲ့ အခါ သူ့မှာ ဘယ်ရည်းစား ယောက်ျား တစ်ယောက်မှ မရှိဖူးလို့ သိရတဲ့ အတွက် မိမိလည်း သူနဲ့ ရင်းနှီးမှု ရယူဖို့ မကြာခဏ သူ့ဆီ ဖုန်းခေါ် စကားပြောပါတော့တယ်။

(၃)
သူ့ခင်မျာ စကားပြောချင်တိုင်း လွယ်လွယ်ကူကူ အချိန်ပေး ပြောနိုင်ပုံ မရပါ။ အလုပ်လုပ်နေချိန်များမှာ ဖုံးပြောလို့ မရဟန်ပေါ်ပါတယ်။ ဒါနဲ့ သူမနက် နိုးတဲ့ အချိန် ဘန်ကောက်က မနက် ၈ နာရီလောက်မှာသာ သူနဲ့ ဖုန်းဆက် စကားပြောရပါတယ်။

မိမိဟာ အခု အသက်အရွယ်မှာ ကိုယ့်ထက် အသက် ၁၅ နှစ်ကျော်လောက် ငယ်တဲ့ ကောင်မလေး တစ်ယောက်ကို လိမ်ညာပြီး မပြောလိုပါ၊ ကလေး မုန့်ကျွေးပြီး ကြိုက်တယ် ဆိုတဲ့ ပုံစံမျိုးလဲ မဖန်တီးလိုပါ။ ဒါ့ကြောင့် သူ့ကို ချစ်ကြောင်း ကြိုက်ကြောင်း စကားများတော့ မပြောခဲ့ဘဲ၊ မိမိ စိတ်ဆန္ဒမှာ ဖြစ်ပေါ် လိုလားတဲ့ အတိုင်း သူနဲ့ အတူ ကြင်ကြင်နာနာ ပေါင်းသင်း ဆက်ဆံနေထိုင်လိုတဲ့ အကြောင်းကို သူနားလည်နိုင်လောက်အောင် ကြိုးစားပြီး ရှင်းပြပါတယ်၊ သူကလဲ နားလည်ဟန်ပုံပေါ်ပါတယ်။

ဒါနဲ့ မိမိတို့ မကြာခင် ပြန်လည် ဆုံတွေ့ကြပြီး ခရီးထွက်ကြကာ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှု ရယူကြမယ်လို့ သဘောတူကြပြီး၊ ချင်းမိုင်မြို့ကို နှစ်ယောက်တည်း ရက်သတ္တ တစ်ပတ်လောက် အတူ သွားလည်ကြဖို့ စီစဉ်ခဲ့ကြပါတယ်။

မိမိရဲ့ အားလပ်ရက်မှာ သူလည်း ဆိုင်က ခွင့်ယူပြီးနောက် မိမိတို့ လေယာဉ်နဲ့ ဘန်ကောက်ကနေ ချင်းမိုင်ကို သွားကြဖို့ လေယာဉ်လက်မှတ်ကို ကြိုတင် မှာယူပြီးတဲ့ အပြင်၊ ချင်းမိုင်မှာ နေတဲ့ အခါ တည်းခိုဖို့ ဟိုတယ်ခန်း တစ်ခန်းကိုလည်း တင်ကြို စီစဉ်ထားခဲ့လိုက်ပါတယ်။ ဒီလို အစီအစဉ်ကို မိမိ တစ်ယောက်တည်း တဖက်တည်း လုပ်တာမဟုတ်ဘဲ သူနဲ့ တိုင်ပင်ပြီး နှစ်ဦးသဘောတူ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

(၄)
နောက်ဆုံးတော့ မိမိ အနေနဲ့ ရှည်လျှားစွာ စောင့်မျှော်ခဲ့ရတဲ့ နေ့ကို ရောက်ခဲ့ပါပြီ။ ကောင်မလေးဟာ မိမိ တည်းခိုရာ လေဆိပ်နားက ဟိုတယ်ကို အထုတ်အပိုးနဲ့ ရောက်လာခဲ့ပါတယ်။ မိမိ စိတ်ထဲမှာ ချစ်သူနှစ်ဦး ပြန်ဆုံရသလို ခံစားရသော်လည်း ကောင်မလေးဟာ ရှိုးတိုးရှန့်တန့်နဲ့ ခပ်တည်တည် ခပ်ခွာခွာလေးနဲ့ နေတဲ့အခါ မိမိလည်း မြန်မာမလေးများရဲ့ အနေအထား ပုံစံကို အမှတ်ပြန်ရ သတိပြုမိပါတယ်။ သူလိုချင်တယ် ဆိုတဲ့ လက်ကိုင် အိတ်နဲ့ နားကပ် တစ်ရံကို တယုတယ မြတ်နိုးစွာ ပေးပြီး သူ ကျေနပ် ပျော်ရွှင်နေတာကို ကြည့်လို့ မိမိလည်း ဝမ်းသာခဲ့ရပါတယ်။

မိမိဟိုတယ်ခန်းကို ရောက်မှ သူလဲ ရေချိုး အဝတ်စားလဲရပါတယ်။ ပြီးတော့ မိမိတို့ နှစ်ယောက် လေယာဉ်ပျံနဲ့ ချင်းမိုင်ကို ရောက်လာခဲ့ကြရာ၊ ညဖက် ၈ နာရီလောက် ဖြစ်ပြီမို့ ကြိုတင် စီစဉ်ထားတဲ့ ဟိုတယ်ခန်းကို တိုက်ရိုက်သွားခဲ့ပါတော့တယ်။

ဟိုတယ်ခန်းကို ရောက်ပြီး၊ ပစ္စည်းများ ချ၊ ခဏတစ်ဖြုတ် နားနေ စကားပြောပြီး ညစာစားဖို့ ထွက်ခဲ့ကြပါတယ်။

အရက်သမားများ အရက်သောက် ကောင်းအောင် မိုးကလေး အေးပေးနေသလို၊ ချစ်သူ သမီးရည်းစား ရည်းစားစကား ပြောဖို့ အခြေအနေက ပံ့ပိုးနေသလား မသိပါ။ စားသောက်ဆိုင်မှာ မထင်မှတ်ဘဲ မြစ်ထဲမှာ ဖောင်နဲ့ ဖွဲ့ထားတဲ့ နေရာဖြစ်နေပြီး စားပွဲမှာ ဖယောင်းတိုင်မီးနဲ့ အလွန်ကို ကြည်နှူးဖွယ်ရာ ကောင်းတဲ့ ညခင်းကို ဖန်တီးနေခဲ့ပါတယ်။

ဒီအခွင့်အရေးကို မိမိလည်း မလွတ်တမ်း အသုံးချပြီး-

“ကိုယ့်မှာ မီးငယ်နဲ့ တွေ့ပြီးကတည်းက စိတ်ကူးယဉ်မိခဲ့တာ တစ်ခုရှိတယ်….၊ ကိုယ်မီးငယ်ကို ကိုယ်နေတဲ့ သြစတေးလျှကို ခေါ်ပြီး၊ ဟိုမှာ အပူအပင် မရှိတဲ့ ဘဝနဲ့ လွတ်လွတ်လပ်လပ် နှစ်ယောက် အတူတူ နေချင်တဲ့ စိတ်ဖြစ်မိတယ်”

မိမိရဲ့ စကားဟာ သိပ်ပြီး ကဗျာဆန်သွားသလား၊ ပုံပြင် ဆန်သွားသလား တော့ မသိပါ၊ ကောင်မလေးမှာ ပထမ တွေဝေပြီး ဘာပြန်ဖြေရမယ် သူမသိ ဖြစ်သွားပုံပေါ်ပါတယ်။ ဒါ့ကြောင့် သူ့ဆန္ဒကို ထပ်ပြီး ရှင်းရှင်း မေးတဲ့ အခါမှာတော့- သူက သြစတေးလျှကို မရောက်ဖူးတဲ့ အတွက် အလည်အပတ်သာ သွားချင်တဲ့ အကြောင်း၊ သြစတေးလျှမှာ ရေရှည်တော့ မနေလိုကြောင်း ပြောပြပါတယ်။

မိမိလည်း သူ့ရဲ့ တုန့်ပြန်မှုဟာ မိမိ မျှော်လင့်ထားတဲ့ တုန့်ပြန်မှုမျိုး မဟုတ်တဲ့ အတွက် အရင်က နားလည်မှုကို သေချာအောင် “ကိုယ်နဲ့ အတူတူ နေမယ် ဆိုရင်လဲ မနေချင်ဖူးလား?” လို့ ပြန်မေးရပါတော့တယ်။

ဒီတော့ သူက- “ကိုအောင့်ကိုတော့ သဘောကျပါတယ်၊ ဒါပေမဲ့ မီးငယ် ဟိုမှာ တသက်လုံး နေရမယ် ဆိုရင် မနေနိုင်ဖူး ထင်လို့ပါ” လို့ ပြန်ဖြေတော့၊ ဒီအကြိမ်မှာတော့ မိမိ တွေဝေသွားခဲ့ရပါတယ်။

ဘာဘဲ ဖြစ်ဖြစ် မိမိဟာ မြန်မာမလေးများ သဘောသဘာဝကို မေ့လျှော့နေကောင်း မေ့နေတာ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီကောင်မလေး အနေနဲ့ မိမိနဲ့ ခရီးအတူ ထွက်လာကြပြီးနောက် ဟိုတယ် အခန်း တစ်ခန်းထဲမှာ၊ ကုတင်တစ်လုံးထဲပေါ် အတူတူ အိပ်ကြဖို့ကို သဘောတူ လိုက်လာပြီးနောက်မှာ ဒီလို စကားတွေကို ညမအိပ်ခင် စရမှာ တွန့်ရွံ့နေတဲ့ သဘောဖြစ်မယ်လို့လဲ တွက်မိခဲ့ပါတယ်။ ဒါနဲ့ဘဲ မိမိလည်း သိပ်ပြီး ဖွဲ့နွဲ့ မနေတော့ဘဲ မိမိအနေနဲ့ သူ့အပေါ် အမှန်တကယ် စိတ်ထဲက စာနာ ကြင်နာစိတ် ရှိတဲ့ အကြောင်း၊ သူ့ကို နှစ်သက် မြတ်နိုးမိတဲ့ အကြောင်း နားလည်အောင် စကားပြေ ရိုးရိုးနဲ့ ရှင်းပြခဲ့ပါတော့တယ်။

ညစာစားပြီး နောက် မိမိတို့ တည်းခိုရာ ဟိုတယ်ဆီသို့ ပြန်ခဲ့ကြပါတော့တယ်….။

9 comments

အခြားဖတ်စရာများ -

စာဖတ်သူ၏ မှတ်ချက်များ

  1. ဆရာအောင် သူ့အီးမေးလ်ကို ရပလိုင်းပြန်လိုက်သေးလား ဟင်။ တုံးလွန်းတာလား လည်လွန်းတာလား။ ငွေမက်တာလား။ ဗိုင်းကောင်းကျောက်ဖိလို့ပဲ ပြောရမှာလား။ အဲလိုမိန်းကလေးကို တသက်စာဘလော့ထားလိုက်စေချင်ပါတော့တယ် ဆရာအောင်ရယ်။

    1

    0

စာဖတ်သူ၏ မှတ်ချက် ရေးသွင်းရန်

(မှတ်ချက်ရေးသွင်းသည့်အခါ အမည်နှင့် အီးမေးလ် လိပ်စာထည့်သွင်းရန် လိုအပ်ပါသည်၊ အီးမေးလ် လိပ်စာကို အများမြင်အောင် မည်သည့်နေရာတွင်မှ ဖော်ပြမည် မဟုတ်ပါ။)

မှတ်ချက်များ ထည့်သွင်းခြင်း နှင့် ပတ်သက်၍ သတိပြုရန်