ထိုင်း ကချေသည် (အပိုင်း-၁၁)

[ပီတာ – မြန်မာလူငယ်]

ငါနဲ့ အဲလက်စ် တစ်ညနေ ငါ့ဟိုတယ်နားမှာ ဘီယာ အတူသောက်ကြတဲ့ အခါ၊ ‘ပို’ သူ့လက်ကို သူ လှီးဖြတ်တဲ့ အကြောင်းပြောတော့ – အဲလက်စ်က အထင်အမြင်သေးတဲ့ ပုံစံတောင် ပြပြီး၊ ထိုင်းမိန်းကလေးတွေဟာ အမြဲဘဲ သူတို့ကိုယ် သူတို့ အဲသည်လို လှီးဖြတ်နေတာဘဲ၊ အထူးသဖြင့် သိပ်သောက်ထားရင် ဒါဖြစ်နေကျဘဲ ဆိုပြီး ပြောသေးတယ်။

ငါ အဲလက်စ်ကို ပြောပြချင်တယ် – ‘ပို’ ဟာ အခြား ထိုင်းမိန်းကလေးတွေနဲ့ လုံးဝ မတူဖူး ဆိုတာ။ ဒါပေမဲ့ အဲလက်စ် ကြည့်ရတာ နဲနဲမူးနေပြီး ငါ့စကားကို သိပ် စိတ်ဝင်စားတဲ့ ပုံ မပေါ်ဖူး။

တကယ်ပါ- ငါအဲလက်စ်ကို သေချာ ရှင်းပြချင်ပါတယ်၊ ထိုင်း မိန်းကလေးတိုင်း အားလုံး တစ်ပုံစံတည်း အတူတူတွေ မဟုတ်ကြပါဖူး။ အထူးသဖြင့် ‘ပို’ က တခြားစီပါဘဲ။ ဟုတ်တယ်… သူက ချွတ်က ရတဲ့ ကချေသည်၊ ပြည့်တန်ဆာ၊ သို့သော် ဒါ သူရွေးချယ်ပြီး
လုပ်ချင်လို့လုပ်တာ မဟုတ်ပါဖူး၊ သူ့ရဲ့ ဘဝပေး အခြေအနေကြောင့် မဖြစ်မနေ လုပ်ရတာပါ၊ သူဟာ အဆိုးဆုံး အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပါတယ်၊ ဒါကတော့ ငါသူ့ကို မြင်တဲ့ အမြင်ပါဘဲ။

တစ်ခု မသေချာတာကတော့ ‘ပို’ ဟာ ငါ့ကို ဘယ်လို မြင်သလဲ ဆိုတာပါဘဲ။ သူ့ပုံစံ ကြည့်ရတာကတော့ အများအားဖြင့် သူဟာ ငါ့ ချစ်သူ တစ်ယောက်လို ဆက်ဆံတယ်၊ ငါ့ဆီလဲ နေ့တိုင်းလိုလို ဖုန်းဆက်တယ်၊ ဘာလုပ်နေသလဲ…? ငါ့စာတမ်း ရေးနေတာ အစဉ်ပြေလား? စသည်ဖြင့် စကား စမည်ပြောကြတယ်၊ ငါ့စာတမ်းရေးတာ ဘယ်တော့ ပြီးမလဲ၊ ငါရေးတဲ့ အကြောင်းတွေထဲမှာ သူ့အကြောင်းရော ပါသလားနဲ့ ပြောပြီးလဲ တခစ်ခစ် ရီတတ် သေးတယ်။

တစ်ခါတစ်လေ နေ့လယ်ပိုင်း ငါတို့ အပြင်သွားကြတယ်၊ ထုံးစံကတော့ ရော်ဘစ်ဆန် ကုန်တိုက်ကိုပေါ့။ သူက ဘယ် တော့မှ ငါ့ကို ဘာဝယ်ပေးပါ၊ ညာဝယ်ပေးပါ မပြောဖူး။ ဒါပေမဲ့ ငါကတော့ အမြဲ တစ်ခုခု ဝယ်ပေးပါတယ်။ အကျီင်္ံ အဝတ်အစား၊ သီချင်း စီဒီ…၊ တစ်ခါ စီဒီ ဖွင့်စက်လဲ ဝယ်ပေးလိုက်သေးတယ်။ သူက ဘယ်တော့မှ ငါ့ကို နားပူ နားဆာ မလုပ်ဖူး။ ငါတွေ့ပါတယ် အခြား မိန်းကလေးတွေ အနောက်နိုင်ငံသားတွေနဲ့ တွဲပြီး သူတို့ကို လက်ဆွဲလို့ ရတနာဆိုင်တို့ ရေမွှေးဆိုင်တို့ ခေါ်သွား ပူဆာကြတာ…။

ငါတို့ နေ့လည်ဖက် တွေ့ကြရင်တော့ ‘ပို’ က ညနေ ၅ နာရီဆို ပြန်ရတယ်၊ သူ့အလုပ် ဆင်းဖို့ အိမ်ပြန် ရေချိုး ပြင်ဆင်ရတယ်လေ။ ငါက သူ့ကို အလုပ်မဆင်းစေချင်ရင်တော့ အဲဒီနေ့ အတွက် သူ့ဆိုင်ကို သူ့အတွက် အပြင်ကြေး ပေးရတယ်။ အကယ်၍ ငါက အဲသည်လို မပေးရင် အပြင်ကြေးအတွက် မိန်းမထိန်း မိန်းမကြီးက သူ့လစာက ဖြတ်တယ်လို့ ပြောတယ်။

‘ပို’ အနေနဲ့ အဲဒီ ကပွဲရုံ အရက်ဆိုင်ဘားမှာ အလုပ်လုပ်ရတာ ဝင်ငွေ အကောင်းကြီး မရပါဖူး၊ ဒီကြားထဲမှာမှ ငါက သူ့အတွက် အပြင်ကြေး မပေးဘဲ ငါနဲ့ အတူရှိစေတဲ့ အတွက် သူ့မှာ လစာက ဖြတ်ခံရမယ် ဆိုရင် ငါဘယ် တရားမှာလဲ။ ဒီတော့ – ငါပေး ရမှာပေါ့။

ဒါပေမဲ့ ငါသိပ်မကြိုက်တာ တစ်ခုက ငါ သူနဲ့ အချိန်ပိုင်း ဟိုတယ်ကို သွားပြီး ဆက်ဆံတဲ့ အခါတိုင်း သူ့ အတွက် ပိုက်ဆံ ပေးရတာကိုဘဲ။ သူပိုက်ဆံလိုတာ ငါသိပါတယ်၊ ဒါကြောင့်လဲ သူဒီလို နေရာမျိုးမှာ ဒီလို အလုပ်လုပ် နေရတာပေါ့။

အဲတော့ တစ်ခါက ငါလဲ သူ့ကို မေးကြည့်ဖြစ်တယ် – ငါ့ကို ချစ်တာလား၊ ငါ့ပိုက်ဆံကို ချစ်တာလားလို့။

သူက ဟက်ဟက်ပက်ပက် ရီပြီး – “ပီတာ နင့်ကို ငါချစ်တာ နံပါတ်ဝမ်း၊ နင့်ပိုက်ဆံကို ချစ်တာ နံပါတ်တူး” လို့ ပြန်ဖြေတယ်။

ငါယုံပါတယ်၊ ငါသာ သူ့ကို ပိုက်ဆံ မပေးတော့လဲ သူငါ့ကို ဆက် တွေ့နေအုံးမှာဘဲ ဆိုတာ၊ ဒါပေမဲ့ သိပ်တော့ မတရားပါဖူး။

ငါနဲ့ အတူတူဘဲပေါ့ – အခု ငါ့ကို တက္ကသိုလ်က သုတေသန အတွက် စရိတ်တွေ ထုတ်ပေးတယ်၊ ငါ့ကို စရိတ်မထုတ်ပေးလဲ ငါ လုပ်မှာဘဲပေါ့ – ဒါပေမဲ့ ငါ လိုအပ်တဲ့ စရိတ်ရဖို့မှာတော့ အခြား တစ်ခုခုတော့ လုပ်ဖို့ လိုတာပေါ့။

အဲဒီတော့ ‘ပို’ က ပြည့်တန်ဆာ အလုပ်လုပ်တယ် ဆိုရင် တခြားလူဆီက သူ ပိုက်ဆံ ရှာရတာထက် ငါ့ဆီက ပိုက်ဆံ ပေးရတာ ပိုကောင်းတာပေါ့။

တစ်ခုကတော့ ငါ့မှာ သူနဲ့ အတူနေရတာ ပြည့်တန်ဆာနဲ့ ဆက်ဆံရတယ်လို့ စိတ်ထဲမှာ မရှိဖူး၊ ပိုက်ဆံပေးပြီး ကာမ ဆက်ဆံရတယ်လို့ မခံစားရဖူး။ ငါဆိုလိုတာက – သူက ပိုက်ဆံ မပေးလို့ ငါနဲ့ မဆက်ဆံဖူး ဆိုတာမျိုး၊ ပိုက်ဆံ ဘယ်၍ ဘယ်မျှပေးပါ တောင်းပြီးမှ ဆက်ဆံတာမျိုး မလုပ်ကြတော့ဖူး လို့ ဆိုလိုတာပါ။ သူနဲ့ငါ အချိန်ပိုင်း ဟိုတယ်မှာ ဆက်ဆံတဲ့ အခါ ဆက်ဆံပြီးတိုင်း ငါ ပိုက်ဆံပေးပါတယ်၊ တစ်ခါ တစ်လေ တစ်ထောင်၊ အများ အားဖြင့် သူနဲ့ငါ ပထမဆုံး တွေ့တုန်းက သူတောင်းတဲ့ တစ်ထောင့်ငါးရာ၊ တစ်ခါတစ်လေလဲ နှစ်ထောင် ပေးလိုက်ပါတယ်။ ငါ တစ်ထောင့်ငါးရာ ထက် လျှော့ပေးတဲ့ အခါလဲ သူ ငါ့ကို ထပ်မတောင်း တော့ပါဖူး၊ ဒါပေမဲ့ ဒီ့ထက် ပိုပေးရင်တော့ သူ့ ကြည့်ရတာ ပိုပြီး ကျေနပ်တဲ့ ပုံပေါက်တယ်။

ငါထိုင်းကို မရောက်ခင်မှာ ဘယ်တုန်းကမှ ကာမ ဆက်ဆံဖို့ ပိုက်ဆံပေးတယ် ဆိုတာ မရှိပါဖူး။ ဘယ်တော့မှလဲ ပိုက်ဆံပေးပြီး ဆက်ဆံမယ်လို့ စိတ်ကူးထဲတောင် မပေါ်လာဖူး။

ဒါ ငါ့အနေနဲ့ ပြည့်တန်ဆာ အလုပ်ကို ကန့်ကွက် ရှုံ့ချတဲ့ သဘောမဟုတ်ပါဖူး၊ ဘာလို့လဲ ဆိုတော့ ငါ့အနေနဲ့ ပြည့်တန်ဆာ အလုပ်ကို ကန့်ကွက် ရှုံ့ချတာ မလုပ်လို့ဘဲ။

ငါ ယုံကြည်တာက ပြည့်တန်ဆာ အလုပ်ဆိုတာ နေရာတိုင်းမှာ တရားဝင် ရှိသင့်တယ်။

ကမ္ဘာမှာ ယောကျာ်းတွေ အများကြီးပါဘဲ၊ တချို့က မသန်စွမ်းဖူး၊ တချို့က အသက်ကြီးပြီ – အိုပြီ၊ တချို့က သူတို့နဲ့ ကာမ ဆက်ဆံဖို့ မိန်းမ ရှာဖို့ အခက်အခဲ ရှိကြမယ်၊ သူတို့ဟာ ကာမ ဆက်ဆံဖို့ မလိုအပ်သူ တွေလို့ သတ်မှတ်ရင်တော့ – မုဒိန်းမှုတွေ ဖြစ်ဖို့ အားပေးသလို ဖြစ်မှာဘဲ။

‘ပို’ နဲ့ ပတ်သက်လို့ကတော့ ငါက ပြည့်တန်ဆာ တစ်ယောက်နဲ့ ဆက်ဆံရတယ်လို့ မမြင်ဖူး၊ ငါ့ရဲ့ ရည်းစား ကောင်မလေး တစ်ယောက်ကို သူပိုက်ဆံ မရှိတဲ့ အတွက် ငါကူညီပေးရတယ်လို့ဘဲ မြင်တယ်။

အရင်က ငါ သြစတေးလျှမှာ ရည်းစားတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ တစ်ခါတစ်လေ ပိုက်ဆံ လိုတဲ့ အခါ ငါ ထုတ်ပေးတာဘဲ။ တစ်ခါလဲ သူ ပိုက်ဆံ အရေးပေါ် လိုတယ် ဆိုတော့ ဘာရယ် မမေးဖူး ငါ ထုတ်ပေးလိုက် တာဘဲ – ပြန်ရဖို့ မမျှော်လင့်ထားပါဖူး။

သေချာတာကတော့ – ငါသူနဲ့ အတူ ကာမ ဆက်ဆံပြီး တဲ့ အခါတော့ ပိုက်ဆံ မပေးဖူး။

အောင်မလေး၊ သြဇီ မိန်းကလေး တစ်ယောက်ကို တော့ အဲသည်လိုများ လုပ်ရင် ဘာဖြစ်မလဲလို့ စိတ်မကူးကြည့်ရဲပါဖူး။

နောက်တစ်ခု ‘ပို’ က ငါ့ကို ဆိုင်လာတဲ့ ဧည့်သည် သဘောမျိုး ဆက်ဆံတာ မတွေ့ရဖူး။ ငါ့ကို သူ့အတွက် သူ ကော်မရှင် ရတဲ့ ဖျော်ရည် ဝယ်တိုက်ခိုင်းတာမျိုး၊ သူ့ကို အပြင်ကြေးပေးပြီး ခေါ်ခိုင်းတာမျိုး မလုပ်ဖူး။ သူ့ကို ဖျော်ရည် တိုက်ရင် – ဒါမှ မဟုတ် အပြင်ကြေး ခေါ်ရင်တော့လဲ သူ အမြဲဘဲ ကျေနပ်ပါတယ်။

အေးလေ – ငါက သူ့ကို သူကော်မရှင်ရတဲ့ ဖျော်ရည် ဝယ်မတိုက်ရင် ငါ့အနားမှာ သူက ထိုင်ပေးနေရတော့ – သူ့အတွက် အခြား ဧည့်သည်တွေက ဝယ်တိုက် ပေးမဲ့ အခွင့် အရေးကို အဆုံးရှုံးခံ ခိုင်းရမှာဆိုတော့ ငါဘယ် တရားမှာလဲ။ ဒါ့ကြောင့် ငါ သူ့ဆိုင် လာတိုင်း သူ့ကို ဖျော်ရည် သုံး၊လေး ခွက်လောက် အမြဲ ဝယ်တိုက်ပါတယ်။

တလ ဆိုလဲ ငါထင်တယ် ‘ပို’ ကို ၁၀ ကြိမ်နဲ့၊ ၁၅ ကြိမ်လောက် အပြင်ကြေးပေး ခေါ်ထုတ်တယ်။ အပြင်ခေါ်ထုတ်တိုင်းတော့ သူနဲ့ အချိန်ပိုင်း ဟိုတယ် သွားကြတာ မဟုတ်ပါဖူး၊ အများအားဖြင့် တခြား အရက်ဆိုင် ဘားတစ်ခုခုမှာ အတူ သွားထိုင်ရင်ထိုင်၊ ညစာ အတူစား ရင်စား ကြတာများပါတယ်။

တစ်ခါတစ်လေ ငါ့သူငယ်ချင်းတွေနဲ့ ငါ ညဖက် အပြင်ထွက်ကြရင်တော့ ‘ပို’ တို့ ဆိုင် မဝင်ခင် အခြား ဆိုင် တစ်ဆိုင် ဆိုင် ဝင်တတ်ကြတယ်။ အဲဒီလို တခြားဆိုင် ဝင်ရင် အဲဒီ ဆိုင်က မိန်းကလေးတွေက ငါ့ကို – နောက်ကွယ်မှာ ဖောက်ပြန်တယ် ဆိုတဲ့ သဘော ထိုင်းလို ဆိုတော့ ‘လိပ်ပြာ’ – ဟို ပန်းပွင့်နား ဒီပန်းပွင့်နား၊ ဆိုပြီး ပြောတတ်ကြတယ်။ ငါကတော့ ရီပြီးဘဲ – မဟုတ်ပါဖူး လို့ ငြင်းပါတယ်။

အဲဒီ နာနာ ပလာဇာက အရက်ဆိုင် ဘားတွေ၊ ကပွဲရုံတွေက တစ်ခုနဲ့ တစ်ခု ချိတ်ဆက် ပြီး၊ မိန်းကလေးတွေကလဲ အဆက်အသွယ် သတင်းပေး သတင်းယူတွေ ရှိကြတာ ငါ သတိထားမိပါတယ်။

ငါ ‘ပို’ နဲ့ စပြီး တွဲသွားလာခါစ ပထမပိုင်းလောက်မှာ – ‘စပိုက်’ အရက်ဘားကို အဲလက်စ်နဲ့ တစ်ခေါက် ရောက်ခဲ့တယ်။ အဲဒီ ဘားမှာ ‘မိုင်’ လို့ခေါ်တဲ့ မိန်းကလေး တစ်ယောက် ကို ခေါ်ထိုင်ခဲ့တယ်။ အဲဒီတုန်းက အဲဒီ မိန်းကလေးကို ည အပြင်ခေါ်သွားဖို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ မကြာခင် မှာပင် ‘ပို’ နဲ့ သူ့ သူငယ်ချင်း တစ်ယောက် အဲဒီ ဆိုင်ထဲ ရောက်လာတယ်။ ‘ပို’ သူငယ်ချင်းကတော့ ငါ့ကို မြင်မြင်ချင်း ‘စဝါးဒီး ခါး’ ဆိုပြီး နှုတ်ဆက်ပေမဲ့ ‘ပို’ ကတော့ မမြင်ချင် ယောင် ဆောင်နေခဲ့တယ်။ ‘ပို’ က ဆိုင်ထဲကို တစ်ချက် ဝေ့ကြည့် ပြီး ပြန်ထွက်သွားတဲ့ အခါ၊ ငါလဲ ငါ့ ဘီလ်- ကျသင့်ငွေ ရှင်းပြီး ‘မိုင်’ ကို နှုတ်ဆက် ထွက်ခဲ့တယ်။

နောက်တော့ ‘ပို’ ရဲ့ ဆိုင်ကို ဝင်တဲ့ အခါ၊ ‘ပို’ က ချိုချို ပြုံးပြုံးဘဲ နှုတ်ဆက်တာပါဘဲ၊ ဒါနဲ့ ငါက ခုနက ဆိုင်ကို ဘာလာလုပ် တာလဲ လို့ မေးတော့ သူ့သူငယ်ချင်း တစ်ယောက်ကို လာရှာတာလို့ ဖြေတယ်။ အမှန်မှာ အဲဒီဆိုင်က မိန်းကလေး တစ်ယောက်ယောက်က ‘ပို’ ကို ဖုန်းဆက်လိုက်တာ ဖြစ်မယ်။

ငါက ဆက်ပြီး အဲဒီ ဆိုင်ထဲမှာ သူ့လို ဆံပင် ရှည်ရှည်နဲ့ မိန်းကလေး တစ်ယောက် တွေ့ခဲ့ကြောင်း – သူ မနာလို ချင်အောင် ပြောတယ်၊ မနာလိုတဲ့ ပုံ သူပြခဲ့ရင် ဒါ သူ ငါ့ကို ဂရုထားတယ် ဆိုတာ ပြတာနဲ့ အတူတူ ဖြစ်မှာ…၊ သို့သော် သူက ငါပြောတာကို စိတ်မဝင်စားဟန်ဘဲ လုပ်ပြ နေခဲ့တယ်။

တကယ်တမ်းမှာ ငါက ‘ပို’ ကို မနာလိုတာ လို့ ပြောရမယ်။ ဒါပေမဲ့ ငါဘာလုပ်ရမယ် မသိဖူး…။ ငါ သူ့ကို ကြိုက်တယ်၊ အတော်လေးကို သဘောကျတယ်။ ပြောမယ်ဆို သဘောကျတာ၊ ကြိုက်တာထက် ပိုပြီး ချစ်တယ် ဆိုတဲ့ နီးပါးဖြစ်မယ်။

ဒါပေမဲ့ ငါ့ဖာသာ ငါထိန်းပြီး နဲနဲ နောက်ဆုတ်ထားတယ်၊ ဘာလို့လဲ ဆိုတော့ ‘ပို’ ရဲ့ အခြေအနေက ပြည့်တန်ဆာ အလုပ်လုပ်ခဲ့တယ် ဆိုတာ သိထားတာကိုး…။ ငါ သူ့ကို ချစ်ကြိုက်တဲ့ စိတ်ပေါ်တာနဲ့ ငါ့ဖာသာငါ အဖြစ်မှန်ကို ကြည့်ပြီး အင်မတန် သတိထားနေရတယ်။

ထိုင်းမှာ ရောက်နေကြတဲ့ ငါ့ မိတ်ဆွေတွေ ကလဲ တကယ့်ကို စိတ်ပျက် စရာကောင်းတဲ့ ဒီ ကချေသည်တွေနဲ့ နိုင်ငံခြားသားတွေ ဇာတ်လမ်းကို ပြောပြကြတယ်။

ဒီ မိန်းကလေးတွေဟာ အများအားဖြင့် ထိုင်း ယောက်ျား သို့မဟုတ် ထိုင်း ရည်းစားတွေ ရှိကြတယ်၊ သူတို့ ပိုက်ဆံဟာ မူးယစ်ဆေးဝါးနဲ့ လောင်းကစားမှာ ကုန်ကြတယ်၊ ဘယ်လောက်ဘဲ သူတို့ကို ယုံကြည်ရတယ် ပြောပြော နောက်ဆုံးမှာတော့ နိုင်ငံခြားသားတွေကို အရေနွာလိုက် ကြတာချဉ်းဘဲ…တဲ့။

‘ပို’ ကို တော့ ငါ ဒီလို လုံးဝ မထင်ဖူး၊ သူက သူများတွေနဲ့ မတူတာ အမှန်ဘဲ။ တဖက်မှာတော့ ‘ပို’ က ငါ့ကို ညာမလား၊ ငါ့ကို ဧည့်သည် တစ်ယောက်လိုဘဲ ဆက်ဆံပြီး၊ ငါ့ ပိုက်ဆံကိုဘဲ ဂရုစိုက်တာလား ဆိုတာ စိတ်ပူ နေတတ်တယ်။

အခြားတဖက်မှာလဲ ‘ပို’ ကို ငါ ဒီအလုပ် မလုပ်စေချင်တော့ဖူး။ တခြားလူ တစ်ယောက်ယောက်နဲ့ အပြင်လိုက် အိပ်မှာ၊ စိတ်ပူနေရတာ မလိုချင်တော့ဖူး။

အခုတော့ သူ ကိုယ်လုံးတီး ချွတ်မကတော့ဖူး၊ သူ့ကို ဘီကနီနဲ့ ကဖို့၊ ကိုယ်လုံးချွတ် မ က တဲ့အတွက် သူ လျှော့ရမဲ့ ပိုက်ဆံ အတွက် ငါ သူ့ကို ငွေ တစ်ထောင် လစဉ်ပေးတယ်။ သူ့အနေနဲ့ ငါသာ သူ့ကို အလုပ်လုံးဝ မလုပ်တော့ဘဲ ပိုက်ဆံ ပေးနိုင်ရင် သူပိုပျော်မယ် ဆိုတာ ငါသိတယ်။ ဒါဆိုရင် တစ်လကို ငါ့အတွက် ဘတ်ငွေ သုံး-လေးသောင်း လောက် စရိတ်ရှိမယ်။ အဲဒီလို သူ့အတွက် အာမခံပေးဖို့ ဆိုတာကို ငါ ခုထိ မရေရာနိုင်သေးဖူး။

သူ ဆေးမချဖူး ဆိုတာကတော့ သေချာပါတယ်။ ငါ သူ့ကို ခဏ ခဏ မေးကြည့်တယ်၊ သူက အမြဲဘဲ ငြင်းတယ်၊ သူ့လက်မှာလဲ ဆေးထိုးအပ်ရာတွေ မတွေ့ဖူး။

နောက် သူက သူ့မှာ ထိုင်း ယောက်ျား၊ ရည်းစား မရှိဖူးတဲ့။ အရင်ကတော့ သူ့ ရွာမှာ တစ်ယောက် ရှိတယ် ပြောတယ်၊ သူ ဘန်ကောက် ပြောင်းလာတော့ ပြတ်သွားကြတယ်တဲ့။

ငါ သူ့ကို ယုံနိုင်ပါတယ်၊ သူက တနေ့ကို ၈ နာရီ ညဖက် အလုပ်လုပ်တယ်၊ မနက် ၂ နာရီခွဲ လောက်မှ အိမ်ပြန်၊ နေ့ခင်းဖက်ဆို ငါ့ဆီ ဖုန်းဆက်သေးတယ်၊ အဲတော့ သူ့မှာ ရည်းစားအတွက် သို့မဟုတ် ယောက်ျား အတွက် ဘယ့်နှယ် အချိန် ရှိမှာလဲ။

ဒီ့ပြင် သူ့ပိုက်ဆံ အိတ်ထဲမှာ ငါနဲ့ သူနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံကိုလဲ အမြဲထည့်ထားတာ၊ ရည်းစား ဖြစ်ဖြစ် ယောက်ျား ဖြစ်ဖြစ် ရှိရင် ဘယ်လို ဖြစ်နိုင်မလဲ။ တစ်ခု ငါ စိတ်ထဲမှာ သံသယ ဖြစ်နေတာကတော့ – သူနေတဲ့ အခန်းကို ငါ့ကို ဘယ်တော့မှ မပြဖူး။

သူပြောတော့ သူနေတဲ့ နေရာက ငါတို့ မွေးနေ့လုပ်တဲ့ ကာရာအိုကေ ဆိုင်နဲ့ သိပ်မဝေးဖူးတဲ့။ သူ့အိမ်ခန်းက အဆောက်အဦ တစ်ခုထဲမှာ – လမ်းကျဉ်း လေးကလေးက လျှောက်ဝင်ရတာ၊ ငါ့အတွက် အန္တရာယ် ရှိတယ်တဲ့။ နောက် သူ့အခန်းကလဲ ညစ်ပတ် ပေရေနေတော့ သူပြရမှာ ရှက်တယ် လို့ပြောတယ်။

ငါ သူ့ကို ပြဿနာ မရှိပါဖူး၊ ငါ ဒါတွေ ဂရု မစိုက်ပါဖူး၊ ငါ သူ ဘယ်မှာ နေတယ် ဆိုတာဘဲ ကြည့်ချင်တာလို့ ရံဖန်ရံခါပြောပါတယ်။ ဒါပေမဲ့ သူအမြဲဘဲ ငြင်းတယ်။

ဖုန်းကလဲ သူနေတဲ့ အဆောက်အဦထဲမှာ ရှိတယ်၊ ဒါပေမဲ့ သူကဘဲ ငါ့ဆီကို ဖုန်းခေါ်လို့ရတယ်၊ ငါကတော့ သူ့ဆီကို ဖုန်းခေါ်လို့ မရဖူး တဲ့။

ငါသူ့ကို နားမလည်တာ နောက်တစ်ခုက ဘာဖြစ်လို့ အခန်း ကောင်းကောင်း တစ်ခု သူအလုပ်လုပ်တဲ့ ဆိုင်နားမှာ ဌားမနေလဲ ဆိုတော့ သူက ပိုက်ဆံ မရှိဖူးဘဲ ဖြေတယ်။

ငါ ထိုင်းမှာ ရောက်နေတုန်း ထိုင်းစကားကို အမေရိကန် – ထိုင်း ဘာသာသင် ကျောင်းမှာ သွားသင်ခဲ့တယ်။ အဲဒီ က ဆရာတွေက ‘ပို’ ရဲ့ ဝင်ငွေထက်တောင် နည်းပါလိမ့် အုံးမယ်။ ဒါပေမဲ့ သူတို့ရဲ့ အိမ်ခန်းတွေက တော်တော် အဆင့်မြင့်မြင့် နေနိုင်ကြပါတယ်။ သူတို့က တစ်လကို တစ်သောင်း နှစ်ထောင်လောက် ဝင်ငွေနဲ့ သပ်သပ်ယပ်ယပ် ကောင်းကောင်းမွန်မွန် ဝတ်စားနိုင်တယ်၊ သန့်သန့် ပြန့်ပြန့် အိပ်ခန်း မှာ ဌားနေနိုင်တယ်၊ အချို့ဆို ကားတွေ ဆယ်လူလာ ဖုန်းတွေတောင် ရှိကြသေးတယ်။

‘ပို’ က တစ်လ ကို လစာ ငါးထောင်ရတယ်၊ သူ အဝတ်ချွတ် မ က ရအောင် ငါက တစ်ထောင်ပေးတော့ သူ ခြောက်ထောင် ရတယ်။ ဆိုင်က သူ့ကို ငါ တစ်ခါ အပြင်ကြေးပေး ခေါ်တိုင်းမှာ တစ်ရာ ပေးတယ်…၊ ဆိုတော့ သူ့မှာ တစ်လကို အနည်းဆုံး နောက် တစ်ထောင် ရတယ်။ တရက်ကို ‘ပို’ အနေနဲ့ ဖျော်ရည် ၅ ခွက်က ၆ ခွက်အထိ သောက်ရတဲ့ ကော်မရှင်က နောက်ထပ် လေးထောင်၊ အဲဒါဆိုတော့ သူ့ဆိုင်ကချဉ်းဘဲ တစ်လ တစ်သောင်း တစ်ထောင် ဆိုတော့ ကျောင်းဆရာတွေ လစာ နီးပါးဖြစ်နေပြီ။ ဒီ့ပြင် ငါ အပြင်မှာ သူနဲ့ အတူနေတဲ့ အခါတွေ အတွက်ဆို တစ်လကို တစ်သောင်းငါးထောင်လောက် သူထပ်ရသေးတယ်။ သူနာပြု နာပ်စ်မ တစ်ယောက် လစာထက် ပိုတယ်၊ ရဲမေ တစ်ယောက်ထက် အဆတော်တော် ပိုသေးတယ်၊ ဆရာဝန် တစ်ယောက် လစာထက် တောင် သိပ်မနည်းချင်ဖူး၊ ဒါဆိုရင် ပိုက်ဆံတွေ ဘယ်ရောက်ကုန်လဲ။

အဲဒီလို သူ့ကို မေးတော့ – ခေါင်းခါ ခေါင်းကုတ်ပြီး သူမသိဖူးဘဲ ဖြေတယ်။ ဘန်ကောက်က သူ့အတွက် ဈေးကြီးတယ်၊ သူနေတဲ့ နေရာကနေ ဆိုင်ကို နေ့တိုင်း ကားခက အသွား တစ်ရာ – အပြန် တစ်ရာ ဆိုတော့ တစ်လ ကို ခြောက်ထောင်၊ ဒါ တော်တော် ရူးကြောင် မူးကြောင် နိုင်တာဘဲလို့ ငါပြောတယ်။ ဘာလို့ ဘတ်စ် ကား မစီးသလဲ? သူက ဘတ်စ်ကားက သိပ်ကြာတယ်၊ ညဖက် ဆိုလဲ အန္တရာယ်များတယ် ပြောတယ်။ ဒါဆို ဘာဖြစ်လို့ ဆိုင်နားမှာ အိမ်ဌားမနေလဲ ဆိုပြန်တော့ – သူ့သူငယ်ချင်းတွေနဲ့ သူ့ အမတွေနဲ့ အနီးအနားမှာ စုပေါင်း နေချင်တယ်လို့ ပြောတယ်။ မော်တော်ဆိုင်ကယ် လပေး နဲ့ ဝယ်ထားတာကလဲ တစ်လ ငါးထောင်၊ သူ့ မိသားစုကိုလဲ ထောက်ပံ့ရသေးတယ်…. ဒီလိုနဲ့ ပိုက်ဆံ အကြောင်း ပြောရင် ပတ်ချာလယ်ပြီး ဘယ်တော့မျ အဖြေ မရဖူး။

သေချာတာကတော့ ငါ သူ့ကို ဘယ်လောက်ပေးပေး သူ့မှာ ပိုက်ဆံ လောက်တယ်ကို မရှိတာဘဲ။


(အပိုင်း ၁၂ သို့)

ဤ ဝထ္ထုရှည်ကို အခန်းဆက် အဖြစ် ရေးသား တင်ဆက်ပါမည်။ အင်တာနက်ပေါ်တွင် ဤစာမျက်နှာမှ တဆင့် ဝေဌ ဖတ်ရှု အားပေးနိုင်ပါသည်။ မဂ္ဂဇင်း (သို့မဟုတ်) စာစောင်များ စသည်တို့မှ တဆင့် ပြန်လည် ပုံနှိပ်လိုပါလျှင် စာရေးသူ၏ ခွင့်ပြုချက်ကို ဤ ဆိုဒ်မှ တဆင့် တောင်းယူပါ။ စာသားများကို ကော်ပီ သက်သက် ကူးယူ ပြန်ကပ်ပြီး၊ မဖော်ပြရန် မေတ္တာရပ်ခံပါသည်။

No comments yet

အခြားဖတ်စရာများ -

စာဖတ်သူ၏ မှတ်ချက် ရေးသွင်းရန်

(မှတ်ချက်ရေးသွင်းသည့်အခါ အမည်နှင့် အီးမေးလ် လိပ်စာထည့်သွင်းရန် လိုအပ်ပါသည်၊ အီးမေးလ် လိပ်စာကို အများမြင်အောင် မည်သည့်နေရာတွင်မှ ဖော်ပြမည် မဟုတ်ပါ။)

မှတ်ချက်များ ထည့်သွင်းခြင်း နှင့် ပတ်သက်၍ သတိပြုရန်