လူသားပြတိုက်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ နှစ်ခန့် က ရောက်ခဲ့ဖူးတဲ့ ချင်းမိုင်မြို့ကို တစ်ခါပြန်ရောက်ခဲ့တဲ့ အခါမှာတော့ – အရင်က ချင်းမိုင်မြို့ရဲ့ ပုံစံကို ဘယ်လိုမှ မျက်လုံးထဲမှာ ပြန်ဖော်လို့ မရတော့ပါဖူး၊ ဒါပေမဲ့ ချင်းမိုင်ရဲ့ အေးမြတဲ့ လေနဲ့၊ လေထဲမှာပါလာတဲ့ အနံ့အသက်ကတော့ ချင်းမိုင်မြို့ကို ပြန်အမှတ်ရစေခဲ့ပါတယ်။ ဒီတစ်ခေါက် ချင်းမိုင် ပြန်ရောက်တဲ့ အခါမှာတော့ လည်ပတ်ဖို့ရယ် အကြောင်းဖြစ်လာတဲ့ အတွက်၊ တနေ့တာ လည်ပတ်စရာများကို ကားတစ်စီးဌားပြီး၊ ခရီးသွားများ လည်ပတ်လေ့ရှိတဲ့ အထင်ကရ နေရာတွေ သွားရောက်ခဲ့ပါတယ်။

အထင်ကရ နေရာများ ဆိုရာမှာ – ကျားများ ထားတဲ့နေရာ ကျားရွာ၊ မျောက်များထားတဲ့ နေရာ မျောက်စာသင်ကျောင်း၊ မြွေများ ထားတဲ့ နေရာ မြွေဥယျာဉ်နဲ့ ဆင်များထားတဲ့ နေရာ ဆင်ရွာ စသည်ဖြင့် တိရိစ္ဆာန် အသီးသီးတို့ကို ခြံခတ်ပြီး ကမ္ဘာလှည့် ခရီးသွားများကို ပြတဲ့ နေရာများဘဲ ဖြစ်ပါတယ်။ အဲဒီ အထဲမှာ ထူးခြားတာကတော့ – မြန်မာပြည်က စစ်ဘေးဒဏ်ကြောင့် ရှောင်ပြေးလာကြရတဲ့ ဒုက္ခသည် ကရမ်း လူမျိုးများ ထားတဲ့ ကရမ်းရွာဟာ လူများကို တိရိစ္ဆာန်များလို ခြံဝန်းခတ်ပြီး ပြတဲ့ နေရာ တစ်ခုပါဘဲ။

တနေကုန် လည်ပတ်အပြီး နောက်ဆုံး ကရမ်းရွာကို ရောက်ခဲ့တဲ့ အခါမှာ- အခြား တိရိစ္ဆာန် ရွာများ ဝင်သလိုပင် ဝင်ကြေးပေးရပါတယ်။ ဝင်ကြေးက နဲနဲတော့ မဟုတ်ပါဖူး၊ တစ်ယောက်ကို ဘတ် ၅၀၀ ဆိုတဲ့အခါ သြစတေးလျှငွေ ၁၅ ဒေါ်လာလောက် ပေးရတာပါ။ ဒီလို ဝင်ကြေးကောက်ပြီး၊ လူများကို တိရိစ္ဆာန်များလို ခြံခတ်ပြီး ထားပြတယ် ဆိုတာကိုတော့ သိပ်သဘောမကျခဲ့ပါဖူး၊ သို့သော်လည်း အထဲမှာ ဘယ်လိုများရှိကြမယ် စူးစမ်းလေ့လာချင်စိတ်နဲ့ ဝင်ကြေးပေး ဝင်ကြည့် ဖြစ်ခဲ့ပါတယ်။

အထဲရောက်တယ် ဆိုရင်ဘဲ လျှောက်လမ်း တစ်ဖက် တစ်ချက်စီမှာ တဲတန်းလေးများ တန်းစီထိုးကာ အမှတ်တယ ပစ္စည်း အရောင်းဆိုင်များ တန်းစီနေတာ တွေ့ရပါတယ်။ အမှတ်တယ ပစ္စည်းများ ဆိုတာ ကရမ်းလူမျိုးများကိုယ်တိုင် ယက်လုပ်တဲ့ အထည်များနဲ့ လက်မှု ပစ္စည်းများကို တွေ့ရတာပါ၊ ဆေးပေါ့လိပ်များလဲ တွေ့ခဲ့ရပါသေးတယ်။

ဆိုင်တစ်ဆိုင်မှာတော့ ယက်ကန်းရက်နေတဲ့ ကရမ်းအမျိုးသမီး တစ်ယောက်ကို တွေ့ရပါတယ်။ သူတို့ကို အင်္ဂလိပ်လို ပြောတဲ့ အခါ နဲနဲပါးပါး တစ်လုံးစ နှစ်လုံးစသာ ပြောတတ်ကြပေမဲ့၊ ထိုင်းလို ပြောကြည့်တဲ့ အခါ တော်တော် တန်တန် သူတို့ ပြောနိုင်ကြတာ တွေ့ရပါတယ်။ မြန်မာလိုကတော့ သူတို့ ကောင်းကောင်း ပြောတတ်၊ နားလည်ကြပါတယ်။

ရက်ကန်း ရက်နေသော ကရမ်း အမျိုးသမီး တစ်ဦးကို တွေ့ရစဉ်
ချင်းမိုင်မြို့ရှိ ကရမ်းရွာအတွင်း ရက်ကန်း ရက်နေသော ကရမ်း အမျိုးသမီး တစ်ဦးကို တွေ့ရစဉ်

သူတို့ကို ထားတဲ့ ခြံဝင်းထဲမှာ စာသင်ကျောင်းလို ပုံစံရှိတဲ့၊ ကျောက်သင်ပုန်းချိတ်ထားတဲ့ တဲအိမ်လေး တစ်ခုကို တွေ့ရပါတယ်၊ ကျောက်သင်ပုန်းပေါ်မှာ မြန်မာ အက္ခရာ ဗျဉ်းများ ရေးထားတာ တွေ့ခဲ့ရပါတယ်။ အဲဒီ စာသင်ကျောင်း တဲအိမ်ရှေ့မှာ အလှူခံပုံး တစ်ပုံးနဲ့၊ မလှမ်းမကမ်းက လျှောက်လမ်း အလယ်မှာ အလှူခံပုံး တစ်ပုံးတို့ ထောင်ထားပါတယ်။ ကျောင်းရှေ့မှာ ထောင်ထားတဲ့ အလှူခံပုံးကတော့ ပညာရေး အတွက် အလှူနဲ့၊ လျှောက်လမ်းမှာ ထောင်ထားတဲ့ အလှူခံပုံးကတော့ ကျမ္မာရေး အတွက် အလှူ ဆိုပြီး အသီးသီး အလှူခံတာလို့ သိရပါတယ်။ ခြံဝင်း အတွင်း လျှောက်လမ်း အဆုံးအထိ လျှောက်ခဲ့ပြီးတဲ့ အခါမှာတော့ တစ်ခု သတိထားမိတာက – ခြံဝင်း အတွင်းထဲမှာ အမယ်အိုများ၊ အမျိုးသမီးများနဲ့ ကလေးသူငယ်များသာ တွေ့ရပြီး၊ ယောက်ျား တစ်ယောက်ကိုမှ မတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။

ကရမ်း ရွာလမ်းမှာ ထောင်ထားသည့် အလှူခံပုံး
ကရမ်း ရွာလမ်းမှာ ထောင်ထားသည့် အလှူခံပုံး

မြန်မာပြည်က စစ်ဘေး ဒုက္ခဒဏ်ကြောင့် ရှောင်ပြေးလာကြရတဲ့ မြန်မာတိုင်းရင်းသား ကရမ်း လူမျိုး အမျိုးသမီးများနဲ့ ကလေးများကို သီးသန့် ခြံဝင်းတစ်ခုထဲ ခြံခတ်ပြီး၊ ဝင်ကြေးကောက်ခံကာ နိုင်ငံခြားသားများကို ပြစားနေတဲ့ ဒီလို လူသားမဆန်တဲ့ လုပ်ငန်းတစ်ခုကို တွေ့ရတာ အင်မတန် စက်ဆုတ်စရာ ကောင်းလှပါတော့တယ်။ ဒါ့ကြောင့် ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ လိုက်ပို့ပေးတဲ့ ကားသမားကို သိချင်တာတွေ မေးကြည့်တဲ့ အခါမှာ အကြောင်းစုံကို သိလာရပါတယ်။

ထိုင်းနိုင်ငံကို ဘယ်လို အကြောင်းနဲ့ဘဲ ဝင်ဝင်၊ တရားဝင် ဗီဇာ၊ ဒါမှ မဟုတ် တရားဝင် ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ ဝင်လာသမျှသူတိုင်းကို ထိုင်းနိုင်ငံရဲ့ ဥပဒေအရ တရားမဝင် ဝင်ရောက်တဲ့ နိုင်ငံခြားသားများလို့ သတ်မှတ်ပြီး ဖမ်းဆီး၊ ပြည်နှင်ဒဏ်ပေးပါတယ်။ ဒါပေမဲ့ ကရမ်းလူမျိုးတွေ ဝင်လာတဲ့ အခါမှာတော့ ကရမ်းအမျိုးသမီးတွေ ဝတ်ဆင်ထားတဲ့ ကြေးလည်ကွင်းတွေဟာ နိုင်ငံခြားသားများကို ပြစားဖို့ ဆွဲဆောင်စရာ တစ်ခုလို မြင်ကြတဲ့အတွက်၊ စီးပွားရေး လုပ်ငန်းရှင်တွေက သူတို့ကို ခြံဝင်း တစ်ခုထဲမှာ ထားပြီး အခကြေးငွေယူ ပြစားကြပါတယ်။ အမှန်မှာတော့ ဥပဒေအရ ဆိုရင် ဒီ ကရမ်းလူမျိုးများကိုလဲ ဖမ်းဆီး အရေးယူ ပြည်နှင်ဒဏ် ပေးရမှာ ဖြစ်ပေမဲ့၊ စီးပွားရေး လုပ်ငန်းရှင်တွေက အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး၊ နိုင်ငံခြား ဝင်ငွေ လုပ်ငန်း တစ်ခုအဖြစ် လုပ်ခွင့်ရနေကြတာ ဖြစ်ပါတယ်၊ ဒါ့ကြောင့်မို့လို့ ဒီ ခြံဝင်းထဲကနေ အပြင်ကို ထွက်ခွင့်မရကြဘဲ၊ ထွက်ခဲ့လို့ရှိရင်တော့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးရဲ့ ဖမ်းဆီးတာကို ခံကြရမှာ ဖြစ်ပါတယ်။

ကြေးလည်ကွင်းတွေဟာ ကရမ်း အမျိုးသမီးများသာ ဝတ်ဆင်ကြတာ ဖြစ်ပါတယ်၊ အမျိုးသားများ အနေနဲ့တော့ ဘာမှ ထူးထူးခြားခြား မရှိပါဖူး။ ဒါ့ကြောင့် အမျိုးသားများကိုတော့ ခြံထဲမှာ လက်ခံမထားတဲ့ အတွက် သူတို့ဟာ အပြင်မှာဘဲ တရားမဝင် ရပ်တည် စီးပွားရှာ လုပ်ကိုင်နေကြရပါတယ်။ အများအားဖြင့်ကတော့ ထိုင်းလူဝင်မှု ကြီးကြပ်ရေးရဲ့ ကွယ်ရာ တောတောင်များထဲမှာ လုပ်ကိုင် စားသောက်ကြရပါတယ်။

ကရမ်း ရွာထဲတွေ့ခဲ့ရသည့် ကရမ်း မိသားစု တစ်ခု
ကရမ်း ရွာထဲတွေ့ခဲ့ရသည့် ကရမ်း မိသားစု တစ်ခု

ခြံဝင်းထဲမှာ ရှိကြတဲ့ အမျိုးသမီးများနဲ့ ကလေးသူငယ်များကိုတော့ လုပ်ငန်းရှင်က သူတို့ကို ပြစားရတဲ့ ဝင်ငွေထဲကနေ ကျန်းမာရေး စောင့်ရှောက်တယ်လို့ ဆိုပေမဲ့၊ တကယ်တန်း ဆေးရုံ ဆေးခန်းသွားရမဲ့ စောင့်ရှောက်မှုမျိုးကိုတော့ လုပ်လို့ မရဖူး ဆိုတာ သိရပါတယ်။ ခြံဝင်းထဲမှာ ကလေးသူငယ်တွေ အတွက် စာသင်ကျောင်း တစ်ခုကို ပြည်ပနိုင်ငံခြား အလှူရှင် အကူအညီနဲ့ လုပ်ထားပြီး၊ စေတနာရှင်တွေက လာပြီး စာသင်ပြပေးကြပါတယ်။ အထူးသဖြင့် ထိုင်းစာနဲ့ မြန်မာစာ အခြေခံ အရေးအဖတ်ကိုသာ သင်ပေးတာ ဖြစ်ပါတယ်။

ခြံဝင်း အဝင်ဝ ထိပ်နားက တဲမှာ ထိုင်နေတဲ့ ၁၅ နှစ်အရွယ်လောက် ရှိမဲ့ ကရမ်း မိန်းကလေး တစ်ယောက်ကို ဝင်လာကတည်းက သတိပြုမိခဲ့ပါတယ်။ သူဟာ သူများတွေလိုဘဲ ကြေးကွင်းတွေ လည်ပင်းမှာ စွတ်ထားပြီး၊ ရိုးရာ ဝတ်စုံ အပြည့်ဝတ်ကာ တစ်ယောက်ထဲ ထိုင်နေပါတယ်။ သူနဲ့ စကားပြောကြည့်တဲ့ အခါ…

ကရမ်းလူမျိုး မိန်းကလေး တစ်ဦး
ကရမ်းလူမျိုး မိန်းကလေး တစ်ဦး

“ညီမလေး.. မြန်မာလို နားလည်လား?” ဆိုတော့ သူက ခေါင်းငြိမ့်ပြပါတယ်။

“ညီမလေးက မြန်မာပြည်ဖက်က လာတာလား?”

“ဟုတ်ပါတယ်”

“ဒီမှာ နေရတာ ပျော်ရဲ့လား?”

“ပျော်ပါတယ်…”

လူတွေကို တိရိစ္ဆာန်ရုံလို ရုံသွင်းပြီး၊ ဘယ်ကိုမှ သွားလာခွင့်လဲမရှိ၊ လူ့အခွင့်အရေး ဆိုတာလဲ လုံးလုံးမရှိတာမှာ- ပညာလဲ စံနစ်တကျ သင်ခွင့်မရ၊ နာမကျမ်းလို့ ဆေးဝါးကုမယ် ဆိုလဲ စံနစ်တကျ ဆေးရုံများမှာ တက်ကုသခွင့် မရှိ၊ ဥပဒေဘောင် အတွင်းမှာလဲ မနေရတော့ အဓမ္မပြုကျင့်ခံရရင်တောင် တရားရင်ဆိုင်ခွင့်၊ တရားစွဲဆိုခွင့် စသည်ဖြင့် တရားဥပဒေရဲ့ အကာအကွယ်လဲ မရရှိ၊ နောက်ဆုံး ဖအေ၊ မောင်၊ အကိုတွေနဲ့ အတူ မနေကြရတဲ့နေရာမှာ နေရရှာတဲ့ မိန်းကလေး တစ်ယောက်ဟာ၊ ဒီလို အခြေအနေကိုပင် ပျော်တယ်ဆိုတော့ကာ သူတို့ဟာ ဘယ်လောက်တောင် ဆိုးရွားတဲ့ နေရာကလာသလဲ ဆိုတာ မှန်းဆလို့ပင် မတတ်တော့ပါဖူး။

“မြန်မာပြည်ဖက် မပြန်ချင်ဖူးလား”

“ဟိုဖက်မှာ အန္တရာယ် ရှိတယ်”

လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က သတင်း တစ်ခုဖတ်မိခဲ့ပါတယ်။ နယူးဇီလန် နိုင်ငံကနေ ချင်းမိုင် ကရမ်းရွာ တစ်ရွာမှာ ရှိတဲ့ အမျိုးသမီးနဲ့ ကလေး သူငယ် စုစုပေါင်း အယောက် ၄၀ ကျော်ကို ခိုလှုံခွင့် ပေးပြီး နယူးဇီလန်ကို လာရောက်နိုင်ဖို့ စီစဉ်ပေးပါတယ်။ ဒီအခါ ထိုင်းအစိုးရ ခွင့်မပြုတာကြောင့် သူတို့ သွားလို့ မရဖြစ်နေချိန်မှာ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ မီဒီယာတွေ ကနေ ဖိအားပေးခဲ့တာကြောင့် နောက်ပိုင်းတော့ သူတို့ကို ထိုင်းအစိုးရက ခွင့်ပြုပေးလိုက်ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ချင်းမိုင်မှာ ကရမ်းရွာ၊ ပဒေါင်ရွာ စသည်ဖြင့် လည်ကွင်း ကြေးကွင်းစွတ် အမျိုးသမီးများကို ခြံဝင်းထဲ ထားပြီး၊ ပြစားတဲ့ နေရာ နောက်ထပ် ဆယ်နေရာလောက်တော့ ကျန်သေးတယ် ထင်ပါတယ်။

“ညီမလေး သြစတေးလျှ၊ နယူးဇီလန် ဖက်ကိုရော မသွားချင်ဖူးလား?”

“ဘယ်နေရာလဲ မသိဖူးလေ၊ အဝေးကြီးလား? ဒါဆို မသွားချင်ပါဖူး”

‘မသွားချင်ပါဖူး’ လို့ဆိုလိုက်ပေမဲ့၊ မျက်တောင် တချက်ခတ်လိုက်ပြီး သူ့လည်ပင်းက ကြေးကွင်းတွေကို လက်နဲ့ ညွှန်ပြရင်း – “ဟိုမှာ မိန်းကလေးတွေက ဒီလို ကြေးကွင်းတွေ ဝတ်ကြလား?”

သူမေးတာကို ခေါင်းခါပြလိုက်ပါတယ်၊ သူဘာလို့ မေးသလဲ ဆိုတာကို ရုတ်တရက် စဉ်းစားမရလို့ သူ့ကိုဘဲ – “ကြေးကွင်းတွေက ဘာဖြစ်လို့လဲ?” လို့ မေးကြည့်တော့ –

“ဒါတွေက အလေးကြီးတွေ၊ မဝတ်ချင်ဖူး၊ ဒီရွာထဲမှာ နေရင် မဝတ်လို့မရဖူး၊ မဝတ်ရင် တောထဲကို ပြန်သွားရမယ်လို့ ပြောတယ်”

ဟုတ်ပါလိမ့်မယ်၊ ဒီ ကြေးကွင်းတွေ အပြည့်ဝတ်ထားတဲ့ အမျိုးသမီးကြီး တစ်ယောက်ဆိုရင် ဒါတွေဟာ စုစုပေါင်း ၁၀ ကီလိုလောက် အလေးချိန်ရှိတယ်လို့ ပြောပြပါတယ်။ အပျိုဖော်ဝင်စ ဆယ့်လေးငါးနှစ် အရွယ် မိန်းကလေး တစ်ယောက် အနေနဲ့ သူလဲ ဒါတွေ မဝတ်ချင်တော့ဖူး ဆိုတာ သဘာဝကျပါတယ်။ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ဆိုပြီး၊ အခုခေတ် အခါမှာ ရှေးထုံးစဉ်လာ ဝတ်စားဆင်ယင်မှုကို အမြဲ ဝတ်ဆင်ရမယ် ဆိုတဲ့ သဘာဝ မကျတဲ့ အတွေးအခေါ်နဲ့ အလေ့အကျင့်တွေဟာ တဖြည်းဖြည်း ပျောက်လာကြပါပြီ။ ဂျပန်နိုင်ငံက မိန်းကလေးတွေ ကီမိုနို ဝတ်ကြတာ ရိုးရာဖြစ်ပေမဲ့ ဒီနေ့ မိန်းကလေးတိုင်း ကီမိုနို ဝတ်ပြီးနေကြတာ မဟုတ်ပါဖူး၊ ဒီလိုဘဲ မြန်မာတွေမှာလဲ ရှေးပုံစံ ထမိန်သိမ်းနဲ့ ဆံထုံး ထုံးပြီး အမြဲတမ်း ဘယ်သူက ဝတ်ဆင်နေကြလို့လဲ? သို့သော် ဒီ ကရမ်း ကလေးမလေး ခင်မျာမှာတော့ – သြစတေးလျှ၊ နယူးဇီလန် ဆိုတဲ့ ဘယ်နေရာမှန်း မသိတဲ့ ဝေးကွာလှတဲ့ နေရာကို မသွားချင်ဖူး ပြောခဲ့သော်လဲ၊ အန္တရာယ်များတဲ့ တောထဲကိုလဲ မပြန်ရဲတဲ့အခါ၊ လည်ပင်းက ကြေးကွင်းတွေ မဝတ်ရဖူး ဆိုရင်တော့ သူ စိတ်ဝင်စားတဲ့ ပုံကို တွေ့ရပါတယ်။

လူ့ကျင့်ဝတ် သိက္ခာမဲ့လှတဲ့ ထိုင်းအစိုးရနဲ့ ထိုင်း စီးပွားရေး သမားများဟာ ဒုက္ခသည် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ နဲ့ ခလေးသူငယ်များကို ခြံဝင်းခတ် ထည့်သွင်းပြီး၊ နိုင်ငံခြားသား ခရီးသွားများကို ပြစားနေတာ ကမ္ဘာ့ အလယ်မှာ အင်မတန် ရှက်စရာ ကောင်းနေတယ် ဆိုတာကို သူတို့ နားမလည်ကြပါဖူး၊ တကယ်တန်း ပြောရရင်ဖြင့် ဒါဟာ ပြစ်မှု မြောက်တဲ့ အလုပ်မျိုးလဲ ဖြစ်ပါတယ်။ သို့သော် ထောင်ဂဏန်းမပြည့်လောက်တဲ့ ဦးရေ ရှိတဲ့ လူတစ်စုကို ငွေရှင် စီးပွားရေး သမားများနဲ့ အာဏာပိုင်များက မတရားပြုကျင့်ထားတဲ့ အမှုမှာ ဘယ်သူကမှ လူစွမ်းကောင်း ဝင်လုပ်ဖို့ စိတ်ကူးရှိပုံ မပေါ်ပါဖူး။

စကားပြောနေတဲ့ ကရမ်း မိန်းကလေးကို စိတ်မကောင်းစွာနဲ့ နှုတ်ဆက်ခဲ့ပြီးနောက်မှာတော့၊ သူတို့ ဘဝ လွတ်လပ်နိုင်ဖို့ ဖြစ်နိုင်သမျှ အတွက် အမြဲ စိတ်ကူးဖြစ်နေပါတော့တယ်။


ဤ ဘလော့ဂ်ပေါ်တွင် စာရေးသူ၏ နိုင်ငံတကာ အတွေ့အကြုံများကို ဝထ္ထု ဇာတ်လမ်းများ၊ ဆောင်းပါးများ ရေး၍ ဖော်ပြပေးနေပါသည်။ စာဖတ်သူများ အနေဖြင့် စိတ်ဝင်စားပါလျှင် အောက်ခြေ စာမျက်နှာမှာ ချိတ်ဆက်ထားသော Facebook ရဲ့ Recommend အကွက်ကို နှိပ်ပြီး အားပေးခဲ့ပါ ခင်ဗျား၊ ကျေးဇူးတင်ပါသည်။

No comments yet

အခြားဖတ်စရာများ -

စာဖတ်သူ၏ မှတ်ချက် ရေးသွင်းရန်

(မှတ်ချက်ရေးသွင်းသည့်အခါ အမည်နှင့် အီးမေးလ် လိပ်စာထည့်သွင်းရန် လိုအပ်ပါသည်၊ အီးမေးလ် လိပ်စာကို အများမြင်အောင် မည်သည့်နေရာတွင်မှ ဖော်ပြမည် မဟုတ်ပါ။)

မှတ်ချက်များ ထည့်သွင်းခြင်း နှင့် ပတ်သက်၍ သတိပြုရန်