သြစတေးလျှရဲ့ ပညာရေးကို မျှော်မှန်းမယ် ဆိုရင်…

“သြစတေးလျှက ပညာရေး ဆိုတာ ဘာကွာလို့လဲ?” ဆိုတဲ့ မေးခွန်းဟာ တချိန်က မိမိကိုယ်တိုင် မေးမြန်းခဲ့သော မေးခွန်းတစ်ခုပါ။ အဲဒီ အချိန်က မိမိဟာ မြန်မာပြည်မှာ ဥပဒေ ပထမနှစ် ကျောင်းထွက်လိုက်ပြီး၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ စီးပွားရေး တက္ကသိုလ် တစ်ခုမှာ ပညာသင်နေတဲ့ အချိန်ဖြစ်ပါတယ်။ မိမိ ပညာသင်နေတဲ့ စီးပွားရေး တက္ကသိုလ်ဟာ အင်္ဂလိပ်လိုသာ သင်ကြားပါတယ်။ ထိုင်းလူမျိုးတွေ အနေနဲ့ အင်္ဂလိပ်စာ ကောင်းကောင်း ကျွမ်းကျင်တတ်မြောက်ထားသူတွေ ဆိုတာ အများအားဖြင့် ငွေကြေးတတ်နိုင်တဲ့ လူဂုဏ်တန် မိသားစုများ ဖြစ်ကြပါတယ်။ ဘာလို့လဲ ဆိုရင် ထိုင်းနိုင်ငံ အတန်းကျောင်းများမှာ အင်္ဂလိပ်စာကို ကောင်းကောင်း နိုင်နိုင် တတ်မြောက်အောင် သင်ကြားပေးတဲ့ ကျောင်းများဟာ ငွေကြေး အမြောက်အများ ပေးရတဲ့ ပုဂ္ဂလိကကျောင်းများသာ ရှိလို့ပါဘဲ။ ဒါ့ကြောင့်မို့လို့ မိမိရဲ့ အတန်းဖော် သူငယ်ချင်း အပေါင်းအသင်းများဟာ ထိုင်းနိုင်ငံရဲ့ သူဌေးသား၊ သူဌေးသမီးတွေလို့ ဆိုရပါမယ်။ သူတို့ဟာ ငွေကြေးတတ်နိုင်သူတွေ ဖြစ်ကြတဲ့ အလျှောက် ဒီတက္ကသိုလ်မှာ ပညာသင်နေသော်လည်း၊ အများအားဖြင့်မှာ ပထမနှစ် ပြီးတဲ့ အခါ၊ ဒါမှ မဟုတ် ဒုတိယနှစ် ပြီးတဲ့ အခါ သြစတေးလျှ တက္ကသိုလ် တစ်ခုခု၊ အမေရိကား တက္ကသိုလ် တစ်ခုခုကို ကူးပြောင်း ချိတ်ဆက်ဖို့ လုပ်ကြပါတယ်။ ဒါ့ကြောင့်လဲ “သြစတေးလျှက ပညာရေး ဆိုတာ ဘာကွာလို့လဲ?” ဆိုတဲ့ မေးခွန်းကို မိမိ မေးခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီအချိန်ကတော့ အများက ဖြေကြတာမှာ – “ဘွဲ့လက်မှတ် အရည်အသွေး” ကွာခြားတယ် ဆိုတာဘဲ ဖြစ်ပါတယ်။ ထိုင်းက ရတဲ့ ဘွဲ့လက်မှတ်ဟာ ထိုင်းနိုင်ငံမှာဘဲ အလုပ်ရဖို့ လွယ်ကူမှာ ဖြစ်ပေမဲ့၊ သြစတေးလျှ၊ အမေရိကားက ဘွဲ့လက်မှတ်များဆိုရင်တော့ – ထိုင်းနိုင်ငံမှာပင် ဘဏ်တိုက်တွေ၊ အင်တာပရိုက်(စ်) လုပ်ငန်းကြီးတွေ၊ အထင်ကရ နိုင်ငံခြား ကုမ္မဏီကြီးတွေ၊ အဲဒီလို နေရာတွေမှာ အလုပ်လွယ်လွယ် ကူကူ ရနိုင်မဲ့ အပြင်၊ ပြည်ပ ဘယ်နိုင်ငံမှာ မဆို အလုပ်ရဖို့ လွယ်ကူတဲ့ အကြောင်း သိရပါတယ်။ ဒီ့ပြင်မှာမှ – သြစတေးလျှ၊ အမေရိကား ဘွဲ့လက်မှတ်လက်မှတ်များဟာ တကမ္ဘာလုံးက အသိအမှတ်ပြုခံရတဲ့ ဘွဲ့လက်မှတ်ဖြစ်တာကြောင့် ထိုင်းက ငွေကြေးတတ်နိုင်တဲ့ ကျောင်းသားတိုင်းလိုလိုဟာ ဒီလို ဘွဲ့လက်မှတ်ရဖို့ကို ကြိုးစားကြတာ ဖြစ်ပါတယ်။ မိမိ အနေနဲ့ သူများ ယောင်လို့ ကိုယ်လိုက်ယောင်ခဲ့ပေမဲ့ အခြေအနေ အကြောင်း အမျိုးမျိုးကြောင့် အဲဒီ အချိန်တုန်းက သြစတေးလျှမှာ ဆက်ပြီး ကျောင်းတက်ဖို့ အဆင်မပြေခဲ့ပါဖူး။

သြစတေးလျှမှ အခြေချ နေထိုင်ဖို့ ရောက်လာတဲ့ အခါမှာတော့၊ မိမိဟာ အိုင်တီနည်းပညာနဲ့ ကွန်ပျူတာ ပရိုဂရမ်၊ အင်တာနက် ဝက်ဘ်ဆိုဒ် ဒီဇိုင်းများ ရေးတဲ့ လုပ်ငန်းကို လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ပထမ ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် လွတ်လွတ်လပ်လပ် လုပ်နေပေမဲ့ ဒီနိုင်ငံရဲ့ ဘွဲ့ရ တစ်ယောက် မဟုတ်တဲ့ အတွက် အခွင့်အရေးတော်တော်များများ လက်လွတ် ဆုံးရှုံးခဲ့ရပါတယ်။ တဖက်မှာ – သြစတေးလျှ အခြေစိုက် မိုက်ခရိုဆော့ဖ်၊ အဲပယ်လ်၊ ဂူဂဲလ် လို ကုမ္မဏီကြီးတွေကလဲ အိုင်တီနည်းပညာရှင်များကို လစာငွေ ကောင်းကောင်းပေးပြီး အလုပ်ခေါ်ယူနေပေမဲ့ ဒီနိုင်ငံရဲ့ ဘွဲ့ရ မဟုတ်တဲ့ အတွက် သူတို့ဆီမှာ အလုပ်လျှောက်လို့ မရနိုင်ပါဖူး။ ဒါ့ကြောင့်မို့ တက္ကသိုလ် ပြန်တက်ပြီး သူတို့ အသိအမှတ်ပြုတဲ့ သြစတေးလျှနိုင်ငံ တက္ကသိုလ် တစ်ခုခုက ဘွဲ့ယူဖို့ ဆုံးဖြစ်လိုက်ရပါတော့တယ်။

မိမိဟာ ကိုယ်ပိုင် စီးပွားရေး လုပ်နေတဲ့ အိုင်တီနည်းပညာနဲ့ ပတ်သက်ပြီး၊ တက္ကသိုလ်မှာ ပညာပြန်သင်ဖို့လောက်ကတော့ မခက်လှပါဖူးလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အိုင်တီ နည်းပညာ ဆိုတာ အမြဲတမ်း တိုးတက် သစ်ဆန်းနေတဲ့အတွက် မတတ်မသိသေးတာတွေကို စံနစ်တကျ လေ့လာရတော့မယ် ဖြစ်တဲ့ အတွက်လဲ စိတ်လှုပ်ရှားမိပါတယ်။ ဒီလိုနဲ့ တက္ကသိုလ်ရဲ့ ‘ဘီအက်စ်စီ အိုင်တီ’ လို့ခေါ်တဲ့ ဘွဲ့အတွက် ပထမနှစ်ကို စပြီး ဝင်ရောက်လာခဲ့ပါတယ်။

တက္ကသိုလ်မှာ မသင်မနေရ ဘာသာရပ်များနဲ့ စိတ်ကြိုက် ရွေးချယ်သင်လို့ ရတဲ့ ဘာသာရပ်များ ဆိုပြီး အုပ်စု နှစ်ခုရှိပါတယ်။ အကြမ်းမျဉ်း ပြောရရင်တော့ မသင်မနေရ ဘာသာရပ်ဟာ စုစုပေါင်း ၁၆ ဘာသာ ရှိပြီး၊ ရွေးချယ် သင်လို့ရတဲ့ ဘာသာက ၈ ဘာသာ ရှိပါတယ်။ ကျောင်းသား အများစုဟာ မသင်မနေရ ဘာသာတွေကို အရင် လုပ်ကြပြီး၊ နောက်ဆုံးနှစ်တွေမှာမှ ရွေးချယ်သင်လို့ ရတဲ့ ဘာသာတွေကို လုပ်တတ်ကြပါတယ်။

အဓိက သင်ယူရတဲ့ ဘာသာရပ်တွေကို ကြည့်မယ် ဆိုရင် လူ့ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ ကိုယ်ကျင့်တရား ဆိုင်ရာတွေကို သင်ကြားတဲ့ အပိုင်းက ၈၀% ရာခိုင်နှုန်းကျော်လောက် ပါဝင်တာကို တွေ့ရပါတယ်။ မိမိ မြန်မာပြည် အတန်းကျောင်း တက်ခဲ့စဉ်က စတုတ္ထတန်းမှာ မိဘကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ် စတဲ့ ကျင့်ဝတ်များကို ကဗျာစပ်ဆိုထားတဲ့ ကဗျာများ အလွတ်ကျက်မှတ်ခဲ့ရတာက လွဲပြီး၊ ဒီ့ပြင် လူ့ကျင့်ဝတ်နဲ့ ပတ်သက်လို့ တက္ကသိုလ် ပထမနှစ်ရောက်တဲ့ အထိ မယ်မယ်ရရ ဘာမှ မှတ်သားခဲ့ရတာ မရှိပါဖူး။ ထိုနည်းတူ ထိုင်းနိုင်ငံ တက္ကသိုလ်မှာလဲ လူ့ကျင့်ဝတ်ကို ထွေထွေထူးထူး အရေးလုပ် သင်ခဲ့တာ မဟုတ်ပါဖူး။ အခုလို သြစတေးလျှက အိုင်တီနည်းပညာ တက္ကသိုလ် ပညာရေးမှာ လူ့ကျင့်ဝတ်ကို ကျယ်ကျယ်ပြန့်ပြန့် အရေးထား သင်ကြားပေးတယ် ဆိုတဲ့အခါ တော်တော်လေး နားလည်ရခက်ခဲ့ပါတယ်။

နောင်အခါမှ နာမည်ကြီး ကမ္ဘာ့ တက္ကသိုလ်တွေဟာ သူတို့ မွေးထုတ်ပေးလိုက်တဲ့ ဘွဲ့ရ ပညာတတ် ကျောင်းသား ဆိုတာ လူ့ယဉ်ကျေးမှုနဲ့ ကိုက်ညီ နေထိုင်လုပ်ကိုင်တတ်ပြီး၊ လူ့ကျင့်ဝတ်ကို ကောင်းကောင်း ရိုသေတန်ဖိုးထား စောင့်ရှောက်တတ်တဲ့ သူများ ဖြစ်တယ်ဆိုတာကို သူတို့ တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာ အဖြစ် ပြသကြတဲ့ အကြောင်း နားလည်သဘောပေါက်ခဲ့ပါတော့တယ်။

အဲဒီတော့ လူ့ကျင့်ဝတ်ဆိုတာ ဘာတွေပါလိမ့်? လူ့ကျင့်ဝတ် ဆိုတာ လူတစ်ယောက်ရဲ့ သိက္ခာ ဖြစ်ပြီး၊ တကယ်တမ်း ခြုံငုံပြီး ကြည့်လိုက်ရင် အဓိက အချက်က ကိုယ့်ကြောင့် တဖက်သား ထိခိုက်နစ်နာမှု တစ်စုံတစ်ရာ မဖြစ်စေရအောင် ချွင်းချက် မရှိ ဂရုစိုက် ရတာ ဖြစ်ပါတယ်။ ဂရုစိုက်ပုံ ဂရုပြုနည်း၊ ပုံစံ နည်းဥပဒေ အသီးသီး ရှိပေမဲ့ အနှစ်သာရကတော့ အတူတူပါဘဲ။ ဆန့်ကျင်ဖက် ပြန်ကြည့်မယ် ဆိုရင်တော့ – “ဘယ်ကောင့်ကိုမှ ဂရုစိုက်စရာ မလိုဖူးဟေ့…” ဆိုတဲ့ လူမျိုးဟာ လူ့သိက္ခာ မရှိတဲ့ လူ့ကျင့်ဝတ် နားမလည်တဲ့ လူမျိုး ဖြစ်ပါတယ်၊ ဒီလို လူမျိုးကို ပညာအဆင့်အတန်း နှိမ့်ပါးတဲ့ လူမျိုးလို့လဲ သတ်မှတ်ကြပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဥပမာ တစ်ခု ပြောပြပါ့မယ်၊ တစ်ခါက မိမိဟာ လုပ်ငန်း တစ်ခုအတွက် မြန်မာပြည်က နည်းပညာရှင် တစ်ယောက်ကို မိမိရဲ့ အလုပ်တစ်ခုမှာ ကူညီလုပ်ကိုင်ပေးဖို့ အခကြေးငွေပေး ဌားရမ်းခဲ့ပါတယ်။ ထိုသူက ပထမ အလုပ်စရံငွေ တဝက်ကို ရယူပြီး၊ နောင်တစ်ခေါက် တဝက်ပြီးမြောက်တာကို ပြပြီးရင် နောက်ထပ် လေးပုံ တစ်ပုံနဲ့၊ အလုပ် အဆုံးပြီးမြောက်တဲ့ အခါ နောက်ဆုံး လေးပုံတစ်ပုံကို ပေးရန် သဘောတူခဲ့ပါတယ်။ ဒုတိယ အရစ် လေးပုံတစ်ပုံကို အလုပ် တဝက်ပြီးမြောက်ခြင်း မရှိသေးမှာပင် ငွေအခက်အခဲ၊ အကြပ်အတည်း အမျိုးမျိုး အကြောင်းပြ တောင်းယူခဲ့ပြီး၊ နောက်ဆုံး အလုပ် အဆုံး ပြီးမြောက်ရမဲ့ အချိန်မှာလဲ အလုပ် မပြီးမြောက်နိုင်သေးတဲ့ အခါ – ‘အဖေ နေထိုင်မကောင်း၍’ အကြောင်းပြကာ အလုပ်ကို ပြီးမြောက်အောင် မလုပ်ပေးနိုင်ခဲ့တော့ပါဖူး။

ဒီလူဟာ နည်းပညာနဲ့ ပတ်သက်လို့ အင်မတန် တော်တဲ့လူတစ်ယောက် ဆိုတာကို မိမိအနေနဲ့ ထောက်ခံပေးနိုင်ပါတယ်။ သို့သော် သူလို လူမျိုးကို ဘယ်လို ကမ္ဘာ့ ကုမ္မဏီကြီးတွေက အလုပ်ခန့်ထားမှာလဲ? သူ့မှာ ‘ပရော်ဖစ်ရှင်နယ်’ လို့ခေါ်တဲ့ ပညာရှင် တစ်ယောက် ရှိသင့်ရှိအပ်တဲ့ ကိုယ်ကျင့် တရား၊ သိက္ခာ မရှိဖူးလို့ ဆိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် သူဟာ – သူ့ကြောင့် တဖက်သား နစ်နာ ဆုံးရှုံးရမဲ့ ကိစ္စကို သူ့အနေနဲ့ ထည့်သွင်း မစဉ်းစားခဲ့ပါဖူး။

ဒါ့ကြောင့် တက္ကသိုလ်က ဆရာတွေ ပြောတဲ့ စကားကို အမှတ်ရမိပါတယ်…၊ သူတို့ ပြောတာက – “အတတ်ပညာပိုင်း ဆိုင်ရာဆိုတာ ဒီနေ့ခေတ်မှာ အင်တာနက်ကလဲ သင်ယူနိုင်တယ်၊ စာအုပ်စာတမ်းတွေနဲ့လဲ ဆက်လက် ရှာဖွေ ဆည်းပူးနိုင်တယ်၊ ကျွမ်းကျင်ဖို့ ဆိုတာလဲ ကိုယ်တိုင် လေ့ကျင့်ရင်းနဲ့ ရနိုင်တယ်၊ မျောက်တွေကို စံနစ်တကျသင်ပေးရင်တောင် သူတို့ လုပ်နိုင်ကြလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ကျင့်တရားနဲ့ သိက္ခာ ဆိုတာကိုတော့ တက္ကသိုလ်မှာ ဆည်းပူး လေ့ကျင့်မှသာ စံနစ်တကျ ကောင်းကောင်း နားလည် သဘောပေါက်ပြီး၊ တန်ဖိုးထားတတ်လာမယ်၊ လေးစားတတ်လာမယ်၊ ဒါတွေကိုတော့ မျောက်တွေကို သင်ပေးလို့လဲ မရဖူး၊ လူဖြစ်မှ သင်လို့ နားလည်နိုင်တဲ့ ကိစ္စဖြစ်တယ်” လို့ ဆိုကြပါတယ်။

အဲဒီတော့ – သြစတေးလျှက ပညာရေး ဆိုတာ ဘာကွာလို့လဲ ဆိုရင် လူ့သိက္ခာကို မြှင့်တင်ပေးတာ ကွာတယ်လို့ ပြောရမှာပါ။  ဒီနေ့ ကမ္ဘာမှာ သြစတေးလျှလို ပညာရေး စံနစ်မျိုးကို အသိအမှတ်ပြုတယ် ဆိုတာ – လူ့ကျင့်ဝတ်ကို အဆင့်အတန်း မြင့်မြင့် နားလည်တဲ့ လူတစ်ယောက်၊ သိက္ခာ ရှိတဲ့ လူတစ်ယောက်ရယ်လို့ အသိအမှတ် ပြုတာဖြစ်ပါတယ်။ အတတ်ပညာ တဖက်ကမ်းခတ် ကျွမ်းကျင်နေပါစေ လူ့ကျင့်ဝတ်၊ လူ့သိက္ခာ မရှိတဲ့ လူတစ်ယောက်နဲ့ ကမ္ဘာမှာ ဘယ်သူမှ အလုပ်တွဲဖက် မလုပ်ချင်ကြပါဖူး။

ဒါ့ကြောင့်မို့လို့ သြစတေးလျှရဲ့ ပညာရေး ဆိုတာကို မမျှော်မှန်းခင်မှာ – ကိုယ်တိုင်က အိမ်သာတက်ပြီး နောက်လူအတွက် အိမ်သာကို သေချာ ရေလောင်း သန့်စင်ခဲ့တာမျိုး၊ ချောင်းဆိုး လေတက်ရင် မျက်နှာကို တဖက်လွှဲပြီး၊ သို့မဟုတ် လက်နဲ့ကာပြီး ချောင်းဆိုး လေတက် တာမျိုး၊ ဘေးမှာ လူတစ်ယောက် စာဖတ်နေတာကို တွေ့ရင် စကားပြောတဲ့ အခါ တိုးတိုး သက်သာ ပြောတာမျိုး၊ ရှေ့က တံခါးဖွင့်ပြီး ဝင်တဲ့ အခါ နောက်လူ ကပ်ပါလာရင် တံခါးကို လွှတ်မထားခဲ့ဘဲ ထိမ်းပေး ထားတာ မျိုးလောက် ဖြစ်တဲ့ အခြေခံ လူ့ကျင့်ဝတ်လောက်ကိုပင် နားလည် တန်ဖိုးထား လုပ်တတ်ပါရဲ့လားလို့ ဆန်းစစ်ဖို့ လိုအပ်လိမ့်မယ် ထင်မိပါတော့တယ်။

2 comments

အခြားဖတ်စရာများ -

စာဖတ်သူ၏ မှတ်ချက်များ

  1. ကောင်းလိုက်တဲ့အယူအဆ
    “တိရိစ္ဆာန်ကိုတောင်လေ့ကျင့်သင်ကြားပေး
    ရင်တတ်တယ် လူကျင့်ဝတ်ကိုတော့”
    သိပ်ကြိုက်တယ်ဗျာ

    1

    0

စာဖတ်သူ၏ မှတ်ချက် ရေးသွင်းရန်

(မှတ်ချက်ရေးသွင်းသည့်အခါ အမည်နှင့် အီးမေးလ် လိပ်စာထည့်သွင်းရန် လိုအပ်ပါသည်၊ အီးမေးလ် လိပ်စာကို အများမြင်အောင် မည်သည့်နေရာတွင်မှ ဖော်ပြမည် မဟုတ်ပါ။)

မှတ်ချက်များ ထည့်သွင်းခြင်း နှင့် ပတ်သက်၍ သတိပြုရန်