အပျိုစင် တန်ဖိုး

အနောက်တိုင်းအမြင်နဲ့ အရှေ့တိုင်း အလေ့အထ တစ်ခုကို ရှုမြင်ကြည့်တဲ့ အခါ – အရှေ့တောင် အာရှ နိုင်ငံများမှာ၊ အပျို မိန်းကလေးဆိုရင် အပျိုရည် မပျက် ရှိမှ တန်ဖိုးရှိတဲ့ အတွေးအမြင် ရှိကြတာနဲ့ ပတ်သက်ပြီး တွေ့မြင်ကြပုံကို တင်ပြလိုက်ပါတယ်။

သြစတေးလျှ အပါအဝင် အနောက်နိုင်ငံတွေကတော့ မိန်းကလေး တစ်ယောက်ကို အပျိုရည် ပျက်၊ မပျက် ချိန်ဆပြီး တန်ဖိုး မသတ်မှတ်ပါဖူး။ မိန်းကလေး တစ်ယောက်ကို လူသား တစ်ယောက်လိုဘဲ သူ့ရဲ့ လူ့ကျင့်ဝတ်၊ ပညာဥာဏ်ရည်၊ လူနေမှုပုံစံ၊ အတွေးအခေါ် အဆင့်အတန်းများနဲ့ဘဲ နှိုင်းချိန် တန်ဖိုးဖြတ်ကြတာပါ။ အနောက်တိုင်းသား ယောက်ျား အများစုရဲ့ အမြင်နဲ့ လက်ခံတာကတော့ – အတွေ့ အကြုံ မရှိသေးတဲ့ အပျို စင်စစ် မိန်းကလေး တစ်ယောက်နဲ့ လက်ထပ်ယူ ပေါင်းသင်းဖို့ဆိုတာဟာ သူတို့အတွက် အင်မတန် ကြောက်စရာ အကောင်းဆုံး အတွေ့အကြုံ ဖြစ်လိမ့်မယ် လို့ ဆိုကြပါတယ်။ အကြောင်းကတော့ – ဖိုမ ဆက်ဆံမှု အတွေ့အကြုံ မရှိသေးတဲ့ မိန်းကလေး တစ်ယောက်ဟာ အခုခေတ် အခါမှာ အိမ်ထောင် ထိန်းသိမ်းဖို့အတွက် နားလည်ရ ခက်ခဲတတ် ကြလို့ပါဘဲ။ သြစတေးလျှနဲ့ အနောက်နိုင်ငံများမှာ အိမ်ထောင်ကျပြီး၊ အများစုမှာ အိမ်ထောင် မတည်မြဲဘဲ ပျက်ဆီးတတ်ကြတဲ့ မြန်မာ အပါအဝင် အရှေ့တိုင်း အိမ်ထောင်ရေးများက ဒီအချက်ကို သက်သေပြနေပါတယ်။

သို့သော် အရှေ့တောင် အာရှ တိုင်းပြည်များမှာတော့ အပျိုရည် ဆိုတာကို တန်ဖိုးသတ်မှတ်ကြတဲ့ အကြောင်း ဆန်းစစ်ကြည့်တဲ့ အခါ ပထမ ထိုနိုင်ငံများရဲ့ ယဉ်ကျေးမှု တရပ်မှာ – ပိုက်ဆံ ငွေကြေးကို သူတို့ရဲ့ ဘုရားသခင်လို သဘောထားတာက စပြီးတွေ့ရပါတယ်။ ဒါ့ကြောင့် မိဘများဟာ သူတို့ရဲ့ သမီးမိန်းကလေးများကို ငွေရှိတဲ့ သူမျိုးနဲ့သာ အိမ်ထောင်ရက်သား ကျစေချင်ကြသလို၊ မိန်းကလေးများဟာ အမိ အဘ သဘောမတူတဲ့သူကို မရွေးချယ်ရအောင် ငယ်စဉ်ကတည်းက ဦးနှောက်အဆေး ခံထားကြရပါတယ်။ ဒီအခါ သမီး မိန်းကလေးများဟာ ရောင်းကုန် သဘောမျိုးဖြစ်ပြီး၊ ရောင်းပန်းလှ ဈေးကောင်းဖို့ လိုလာပါတော့တယ်။

တဖက်မှာ – ဈေးဝယ်သူလို ဖြစ်ကြတဲ့ ယောက်ျားတွေဟာ၊ ယောက်ျားများနဲ့ အတွေ့အကြုံ မရှိဖူးသေးတဲ့ အပျိုစင်စစ်ကို ဦးစားပေး ရွှေးချယ်ပါတယ်။ ဒါကို ဆန်းစစ်ကြည့်ပြန်တဲ့ အခါမှာလဲ – ယောက်ျားများဟာ သူတို့ရဲ့ ပျော့ညံ့နုံချာတဲ့ လိင်ဆက်ဆံပုံကို မိန်းကလေး တစ်ယောက်က လွယ်လွယ်ကူကူ မရိပ်စား မိစေချင်တဲ့ သဘောများလားဟု သံသယဖြစ်ရပါတယ်။ ဖိုမ ဆက်ဆံရေး အတွေ့အကြုံ မရှိသေးတဲ့ မိန်းကလေး တစ်ယောက် အဖို့မှာမူ ယောက်ျား တစ်ယောက်ဟာ သူ့ရဲ့ လိင်ဆက်ဆံပုံ ပျော့ညံ့နုံချာတယ်လို့ သိနိုင်မှာ မဟုတ်ပါဖူး၊ အတွေ့အကြုံမရှိသေးတဲ့ အတွက်လဲ သူတွေ့ဖူးတဲ့ ပထမဆုံး ယောက်ျားသည်ပင်လျှင် သူ့အတွက် အနှိုင်းမဲ့ တစ်ယောက်တည်းသောသူ ဖြစ်ပါတော့မယ်။

ဒါ့ကြောင့်မို့ မိန်းကလေးများကို ငယ်စဉ်ကပင် မိန်းမကောင်း ဆိုတာဟာ အပျိုစင် အဖြစ် ရှိနေဖို့ အရေးကြီးတယ်လို့ သင်ကြားခံရကြရပြီး၊ မိန်းကလေးများ ဆယ်ကျော်သက် အရွယ်ကစလို့ မိဘ မသိဘဲ ယောက်ျားများနဲ့ အဆက်အသွယ် မလုပ်ဖို့ တင်းကြပ်ခံကြရပါတယ်။ ဒီအခါ မိန်းကလေးများဟာ ဖိုမ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကြောက်ရွံ့စိတ် ဝင်လာတတ်ကြပါတယ်။

သို့သော် သဘာဝအားဖြင့် ဟိုမုန်းပြောင်းလည်းလာတဲ့ အချိန်၊ တဏှာရာဂ ကိစ္စကို စပြီး စိတ်ဝင်စား လာတတ်စ အချိန်များမှာ ဝိရောဓိ တွေ ဖြစ်ကုန်လေ့ ရှိတာကို တွေ့ရပါတယ်။ ဒီ့အပြင် ဖိုမ ဆက်ဆံရေး ကိစ္စနဲ့ ပတ်သက်လို့ သူငယ်ချင်း မိတ်ဆွေများ၊ မိသားစုများနဲ့ ဆွေးနွေးတိုင်ပင်ဖို့ မရဲတဲ့ အခါမှာ အန္တရာယ်နဲ့ အကျိုး အပြစ်ကို မသိ မမြင်ကြဘဲ၊ ဘုမသိ ဘမသိ အိမ်ထောင်ကျတာမျိုး၊ ရည်းစားနဲ့ ခိုးကြောင် ခိုးဝှက် ဆက်ဆံဖြစ်ရာက ကိုယ်ဝန်ရှိလာတာမျိုးတွေ ဖြစ်လာတတ်ကြတဲ့ အပြင်၊ မလိုလားအပ်တဲ့ ရောဂါ ကူးဆက်မှုနဲ့ အခြား ပြဿနာတွေကိုပါ ရင်ဆိုင်လာတတ်ကြရပါတယ်။

ဒါ့ကြောင့် အပျိုစင်ဖြစ်မှ တန်ဖိုးထားတတ်တဲ့ ယောက်ျားများ ဟာဖြင့် သူတို့မှာ ခန္ဓာကိုယ် အစိတ်အပိုင်းအရ သော်လည်းကောင်း၊ ဆက်ဆံမှု ပုံစံအရသော်လည်းကောင်း၊ တစ်စုံ တစ်ခု ပျော့ကွက် ဟာချက် ညံ့ချက်များ ရှိနေသလား ဆိုတာ သံသယ ဖြစ်စရာ ဖြစ်ပြီး၊ မိန်းမတစ်ယောက်ဟာ အပျိုစစ်မှ တန်ဖိုး ရှိတယ် ဆိုတဲ့ အယူအဆဟာလဲ ထိုမိန်းမကို ရောင်းကုန်၊ စားသုံးကုန် ပစ္စည်းလို သဘောထားခံရလို့ ဖြစ်မယ်ဆိုပြီး – အရှေ့တိုင်းက ‘အပျိုစင် တန်ဖိုး’ နဲ့ ပတ်သက်လို့ အနောက်တိုင်းရဲ့ အမြင်ကို ရှင်းလင်း တင်ပြလိုက်ရပါတယ်။


ဤ ဘလော့ဂ်ပေါ်တွင် ဖော်ပြသည့် အကြောင်းအရာများကို စိတ်ဝင်စားပါလျှင် စာမျက်နှာ အောက်ခြေမှာ ချိတ်ဆက်ထားသော Facebook ရဲ့ Recommend အကွက်ကို နှိပ်ပြီး အားပေးခဲ့ပါ၊ ကျေးဇူးတင်ပါသည်။

4 comments

အခြားဖတ်စရာများ -

စာဖတ်သူ၏ မှတ်ချက်များ

  1. ပွင့်လင်း လွတ်လပ်တဲ့သုတဆောင်းပါးတခုကို ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ သရုပ်ဖော်ပန်းချီကားလေးကကော ဆရာအောင်ရဲ့ လက်ရာလားရှင့်။

    0

    0

စာဖတ်သူ၏ မှတ်ချက် ရေးသွင်းရန်

(မှတ်ချက်ရေးသွင်းသည့်အခါ အမည်နှင့် အီးမေးလ် လိပ်စာထည့်သွင်းရန် လိုအပ်ပါသည်၊ အီးမေးလ် လိပ်စာကို အများမြင်အောင် မည်သည့်နေရာတွင်မှ ဖော်ပြမည် မဟုတ်ပါ။)

မှတ်ချက်များ ထည့်သွင်းခြင်း နှင့် ပတ်သက်၍ သတိပြုရန်