မကြွားမိအောင် အတော်သတိထား နေရတယ်

သြစတေးလျှမှာ လူမျိုးပေါင်းစုံ အတူတကွ နေကြပြီး၊ ယဉ်ကျေးမျု ပေါင်းစုံ ရောစပ်ထားတယ် ဆိုပေမဲ့ သြစတေးလျှကို အရင် ရောက်နှင့်တဲ့ အိုင်းရစ် လူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ သူတို့ရဲ့ ထုံးစံကတော့ အခြေခံလို ဖြစ်နေပါတယ်။ အခြေခံလို ဖြစ်နေရတယ် ဆိုတာကလဲ အဲဒီ အိုင်းရစ်တွေရဲ့ ယဉ်ကျေးမှုနဲ့ ထုံးစံကို နောင်ရောက်လာကြတဲ့ နိုင်ငံအသီးသီးက လူမျိုးအသီးသီးတို့ဟာ အတုယူလေ့ ရှိကြလို့ပါဘဲ။ ဘာဘဲ ဖြစ်ဖြစ် သြစတေးလျှ နိုင်ငံသားများမှာ သဘောကျစရာ ကောင်းတဲ့ စိတ်ထားတစ်ခု ရှိတာကို တွေ့မိပါတယ်၊ အဲဒီ စိတ်ထားဟာ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ စိတ်ထားပါဘဲ။

အမှန်မှာတော့ သြစတေးလျှ နိုင်ငံရဲ့ ပညာရေးဟာ အဆင့်အတန်း မြင့်မားတဲ့ အခါ၊ လူ့ အဆင့်အတန်းကို မြှင့်တင်ပေးတဲ့ အတွက်၊ လူ့ အဆင့်အတန်း မြင့်မားလာတဲ့ အခါ၊ လူတွေဟာ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်လာတဲ့ သဘောကို ဆောင်ပါတယ်။ မြန်မာ စကားပုံ တစ်ခုလို မြင့်မားလွန်းတဲ့ သစ်ပင်ဟာ ကိုင်းညွတ်လာတယ် ဆိုတာမျိုး ဖြစ်ပါလိမ့်မယ်။

အဲဒီလို ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ လူအများစု ကြားမှာ၊ လက်မထောင်ပြီး မြောက်ကြွ မြောက်ကြွ ဖြစ်နေတဲ့ သူတွေဟာ အင်မတန် ရှက်စရာ ဖြစ်နေပါတယ်။ ဥပမာ ပြောရရင် သစ်ပင်ကြီးများ ကိုင်းညွတ်နေတဲ့ ကြားမှာ၊ မြက်ပေါက်ပင်လေးတွေက ထောင်ထောင် – ထောင်ထောင် ဖြစ်နေသလိုပါဘဲ။

ဒါ့ကြောင့်မို့ – ကြွားဝါတတ်တဲ့ သူများဆိုရင်တော့ ဒီကလူတွေက အတော့်ကို ရွံရှာ မုန်းတီးကြပါတယ်။ ဒီကလူတွေကတော့ သူတို့ဟာ ဟောလီးဝုဒ်က အော်စကာ ဆုရတာကိုပင် အသေးအဖွဲ အသိအမှတ်ပြုခံရတယ် ဆိုတဲ့ သဘောမျိုးလောက်သာ အချင်းချင်း ပြောဆိုတတ်ကြပါတယ်။

ဒီလိုဆိုတော့ မိမိတို့ မြန်မာလူမျိုးတွေ အတွက်မှာတော့ ဟန်မကျဖူးပေါ့၊ မိမိတို့မှာက ရွှေတစ်ကျပ်သား ဝတ်နိုင်တာကိုပင် နှစ်ကျပ်သား အရွယ်ဖြစ်အောင် လုပ်နိုင်တဲ့ ပန်းတိမ်ဆိုင် ရှာနေကြရတာ မဟုတ်လား? မရှိ၊ ရှိတာကို အတင်း ဖြဲပြနေကြရတာ မဟုတ်ပါလား?

တနှစ်ကို ဒေါ်လာ တစ်သိန်းခွဲကနေ၊ နှစ်သိန်းလောက် အထိ ဝင်ငွေ ရှိတဲ့ စစ်ဒနီ တက္ကသိုလ်က ဘဏ္ဍာရေးမှူး တစ်ယောက်ဟာ သူ့ရူးဖိနပ်ကို အလွန်သက်တောင့် သက်သာ ရှိပြီး၊ အင်မတန် အကြမ်းခံတဲ့ အရည်အသွေး သိပ်ကောင်းတဲ့ ဖိနပ် ဆိုပြီး၊ စကားစပ်မိတဲ့ လူတိုင်းကို ပြောပြတတ်ပါတယ်။ ဒီတော့ လူတွေက ဒီလောက်တောင် ကောင်းတဲ့ ဖိနပ် ဘယ်လောက်ပေးရသလဲ မေးတဲ့ အခါမှာတော့ – အဟောင်းဆိုင်ကနေ နှစ်ဒေါ်လာနဲ့ ရတဲ့ အကြောင်းကို ဂုဏ်ယူစွာနဲ့ ပြန်ဖြေတတ်ပါတယ်။

တနှစ်ကို ဒေါ်လာ သုံးသိန်းကနေ၊ ငါးသိန်းလောက် အထိ ဝင်ငွေရှိတဲ့ စစ်ဒနီက နာမယ်ကြီး ရှေ့နေ မိန်းမကြီး တစ်ယောက်ဟာ ကျောက်စိမ်း လက်ကောက် အထူကြီး တရံကို အမြဲဘဲ ဝတ်ထားပါတယ်။ လူတွေက ဒီလက်ကောက် လှလိုက်တာ ဘယ်ကဝယ်သလဲ လို့ စပ်စုရင်၊ တရုတ်တန်း အတုဆိုင်မှာ ၅ ဒေါ်လာနဲ့ ရလာတာလို့ ဝမ်းသာအားရ ပြောတတ်ပါတယ်။

အဲဒီတော့ သူတို့တွေ ရှေ့မှာ တစ်ကျပ်သားလောက် ရွှေကို နှစ်ကျပ်သား ပုံဖမ်းပြီး ဝတ်ပြရတာ မရှက်ဖူးလားလို့ မေးရင် – တို့မြန်မာတွေအဖို့တော့ ရှက်မယ် မထင်ပါဖူးလို့သာ ပြောရမလို ဖြစ်နေပါတယ်။

တရက်မှာ အင်္ဂလန်မှာနေတဲ့ မိမိရဲ့ ဦးလေးတော်သူ တစ်ယောက်က သူ့ဖေ့စ်ဘွတ်ပေါ်မှာ မြန်မာ ဘော်လုံးပွဲ တစ်ခုနဲ့ ပတ်သက်လို့ သူ့ထင်မြင်ချက်ကို ရေးတင်ပါတယ်။ မိမိက – အောက်ကနေ သူ့ထင်မြင်ချက် မမှန်ကြောင်းကို အကျိုးအကြောင်း ပြပြီး ကွန်မင့် ပြန်ရေးလိုက်ပါတယ်။ ဒီအခါ သူက – ငါ့တူလေး အင်မတန်တော်လာပြီ၊ သြစတေးလျှမှာ ပညာသင်ပြီး အတွေးအခေါ် အရမ်းကောင်းလာပြီ၊ ဆိုပြီး ချီးမွှမ်းစကား ပြန်ရေးပါတယ်။ နောက်တစ်ရက်မှာတော့ မိမိနဲ့ မိမိရဲ့ ဦးလေးတို့ ရေးထားတဲ့ ကွန်မင့်အောက်မှာ ဦးလေးရဲ့ မိတ်ဆွေ အမျိုးသမီးကြီး တစ်ယောက်က – ဘော်လုံးပွဲနဲ့ ဘာမှ သက်ဆိုင်ခြင်းမရှိဘဲ – သူ့ သား တစ်ယောက်ဟာ အင်္ဂလန်မှာ ဆရာဝန်ကြီး ဖြစ်ပြီး၊ နောက် တစ်ယောက်ကတော့ အမေရိကားမှာ ဆောက်လုပ်ရေး အင်ဂျင်နီယာ ဖြစ်နေကြတယ်၊ သူတို့ဆီကို သွားလည်ရင် အမေကို မာစီဒီးကားနဲ့ လေယာဉ်ကွင်းက လာကြိုကြတယ်၊ ဆိုပြီး အသားလွတ်ကို ဝင်ကြွားသွားပါတော့တယ်။ ဘာမှကို မဆီမဆိုင် ပေါ်တင် အဲဒီလို ဝင်ကြွားရဲတဲ့ ဒီအဖွားကြီးရဲ့ သတ္တိကတော့ နဲနဲနောနော ဟုတ်မယ် မထင်ပါဖူး၊ ဒါ့ကြောင့် ‘တို့မြန်မာတွေအဖို့တော့ ရှက်မယ် မထင်ပါဖူး’ ဆိုတဲ့ အပေါ်မှာ ပြောခဲ့တဲ့ စကားက မှားဖို့တော့ မရှိလောက်ပါဖူး။

ရှိပါသေးတယ်…၊ သိပ်မကြာခင်တုန်းကဘဲ မြန်မာပြည်က ညီမတစ်ယောက်က သူ့ကို အိုင်ဖုန်း တစ်လုံး ဝယ်ပေးဖို့ ပူဆာပါတယ်။ မိမိက အိုင်တီနည်းပညာနဲ့ ပစ္စည်းတွေ အကြောင်း သိထားတဲ့ အချက်တွေနဲ့ အိုင်ဖုန်းရဲ့ ထည့်သွင်းထားတဲ့ တန်ဖိုးကြီး နည်းပညာတွေဟာ မလိုအပ်တဲ့ အကြောင်း၊ တနည်းဆိုရရင် သာမာန် သုံးစွဲသူ တစ်ယောက်အတွက် အသုံးမဝင်တဲ့ အကြောင်း ရှင်းပြပြီး၊ အိုင်ဖုန်းအစား ဈေးသက်သာပြီး အရည်အသွေး ကောင်းမွန်တဲ့ အခြား ရွေးစရာ ဖုန်းများကို ဝယ်ဖို့တိုက်တွန်းခဲ့ပါတယ်။ ဒီအခါ သူက – မြန်မာပြည်မှာ ဖုန်းကိုင်ရင် လူတွေက ဘာဖုန်း အမျိုးအစားလဲ၊ ဘာမော်ဒယ်လဲ၊ ဘယ်လောက်တန်လဲ ဆိုတာကို ကြည့်တာ…၊ ဖုန်းအပေါစား ကိုင်ရင် အထင်သေးကြတယ် လို့ ပြောပြပါတယ်။ ဒီလိုဆိုတော့ မြန်မာပြည်မှာ နှစ်ဒေါ်လာတန် ရှူးဖိနပ်နဲ့ ငါးဒေါ်လာတန် ကျောက်စိမ်းလက်ကောက် ဝတ်သွားလို့တော့ ဖြစ်ဟန်မတူတော့ပါဖူး။

ဘာဘဲ ဖြစ်ဖြစ်၊ သူများတွေကို မြင် သူများကိုဘဲ ကြည့်ပြီး ပြောနေလို့တော့ သိပ်သဘာဝကျ မှာမဟုတ်ပါဖူး။ မိမိကိုယ်တိုင် ပြန်ကြည့်ဖို့ လိုပါလိမ့်မယ်၊ တကယ်တမ်း သြစတေးလျှက အသိုင်းအဝိုင်းမှာ နေနေရတာက မိမိကိုယ်တိုင် မဟုတ်ပါလား? ဒီတော့ မိမိ အနေနဲ့ ကြွားဝါတာတွေကို ရှက်တတ်ပြီး၊ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ဖို့ ကြိုးစားရပါ့မယ်။

ဒါပေမဲ့ အမှန်ကို ပြောရရင် မိမိလဲ မြန်မာလူမျိုး တစ်ယောက်ဖြစ်လေတော့၊ ကြွားဝါတာက အကျင့်လို ပါနေတတ်ပါတယ်။ ဒါ့ကြောင့် စာရေးတဲ့ အခါ ခပ်ကြွားကြွားလေး ဖြစ်သွားတွေ ရှိတတ်ပြီး၊ ကိုယ်ရေးတဲ့စာကို ပြန်ဖတ်ဖြစ်လို့ ကြွားလုံးတွေ တွေ့ရင် ဖျက်ပစ်ရင်းနဲ့ ကိုယ့်ကိုယ်ကို မကြွားမိအောင် အတော်လေး သတိထား နေရပါတော့တယ်။

2 comments

အခြားဖတ်စရာများ -

စာဖတ်သူ၏ မှတ်ချက်များ

  1. မကြွားဘူး ၊
    တခါတလေ သိပ်ကြွားတဲ့ လူ သူသိသူနပ် လုပ်ချင်တဲ့ လူတွေနဲ့ တွေ့ရင်တော့ မသိချင်ယောင်ဆောင်ပေးပြီး ပေးပြောလိုက်တယ် စကားအများကြီးမပြောရဘူး သူတို့လည်း စိတ်ချမ်းသာ သွားရော ၊

    0

    0
  2. အကို့စာတွေကို ဟိုးတဲုးထဲက ဖတ်လာတာပါ အရင်ကလဲဒါကိုဖတ်ဖူးသလိုပါဘဲ၊ အုအသစ်ပြန်ရေးတာနဲ့တူတယ် သိပ်ကောင်းပါတယ်ကြိုူုကို အားပေးလ၂က်ပါ-

    0

    0

စာဖတ်သူ၏ မှတ်ချက် ရေးသွင်းရန်

(မှတ်ချက်ရေးသွင်းသည့်အခါ အမည်နှင့် အီးမေးလ် လိပ်စာထည့်သွင်းရန် လိုအပ်ပါသည်၊ အီးမေးလ် လိပ်စာကို အများမြင်အောင် မည်သည့်နေရာတွင်မှ ဖော်ပြမည် မဟုတ်ပါ။)

မှတ်ချက်များ ထည့်သွင်းခြင်း နှင့် ပတ်သက်၍ သတိပြုရန်