၈၈ က ကျနော်တို့ ပြောခဲ့ကြတဲ့ ကောလဟာလများ (၁)

[နံပါတ် (၁) – ကျနော့် အကြောင်း အရင်ပြောပြပါ့မယ်]

ကျနော့်အကြောင်း မစခင်မှာ – ‘ကျနော်‘ ဆိုတဲ့ စကားလုံး အကြောင်း ပထမ ရှင်းပါရစေ…။

မြန်မာပြည်မှာ ၁၉၈၈ ခုနှစ် ဦးနေဝင်း ကြီးစိုးတဲ့ အချိန်တုန်းက – အစိုးရ ပုံနှိပ်တိုက် ထုတ်တဲ့ စာအုပ် စာတမ်း မှန်သမျှဟာ ‘ကျနော်’ လို့ မရေးကြရပါဖူး။ အနည်းငယ်သော ပုဂ္ဂလိက စာအုပ်တိုက်နဲ့ ပုံနှိပ်တိုက်တွေက ထုတ်ဝေတဲ့ စာအုပ်မှန်သမျှကိုလဲ ဆင်ဆာဖြတ်ပြီး၊ ‘ကျနော်’ လို့ ရေးရင် ‘ကျွန်တော်’ လို့ ပြင်ပေးကြရပါတယ်။ အခုတော့ သြစတေးလျှ ဥပဒေ ပိုင်နက်ထဲကနေ အင်တာနက်ပေါ်မှာ လွတ်လွတ်လပ်လပ် ကိုယ်ရေးသုံးချင်သလို ‘ကျနော်’ လို့ ရေးရတာ အင်မတန်မှ အရသာ ရှိလှပါတယ်။

ဥပမာ ပြောရရင် ကိုယ့် အဖေက အိမ်မှာ ရှိတဲ့ ချောကလက်မုန့်ကို သူဘဲ စားပြီး၊ ကိုယ့် ကို မကျွေးတဲ့ အခါ၊ စားချင်ပါတယ်လို့ တောင်းရင်လဲ ရိုက်ခံရတဲ့ အခါ၊ အောင့်အီး နေရတဲ့ ကလေး တစ်ယောက်ဟာ – မွေးစား အဖေအိမ်ရောက်တော့ မွေးစား အဖေက “စားကွာ မင်းဟာမင်း အဝစား” လို့ ဆိုလိုက်သလို အခုစာရေးတဲ့ အခါ ‘ကျနော်‘ လို့ ရေးလိုက်ရတာ မြိန်ရည် လျှက်ရည် ရှိလှပါတယ်။

ဒါဆိုရင် ၁၉၈၈ ခုနှစ် လောက်က ဦးနေဝင်းရဲ့ လက်အောက်မှာ ကျနော်တို့ ဘယ်လောက် အောင့်အီး သည်းခံ နေခဲ့ရလဲ ဆိုတာကို ပြောပြီးသား ဖြစ်သွားပါလိမ့်မယ်။

အခု ကျနော့် အကြောင်း စပါမယ် – ကျနော်က ၁၉၈၄ မှာကတည်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ တက္ကသိုလ်တက်ဖို့ ထွက်လာခဲ့တာပါ။

အဲဒီ အချိန်က မြန်မာနိုင်ငံသား တစ်ယောက်ဟာ နိုင်ငံခြားမှာ ကျောင်းသွားတက်ခွင့် မရှိပါဖူး။ ဒီတော့ ပါ့စ်ပို့ လျှောက်တဲ့ အခါမှာ အလုပ်သွားလုပ်ဖို့ ဆိုပြီး ‘ညာ’ လျှောက်ရပါတယ် (ဦးနေဝင်းခေတ်မှာ မညာရင် အရာရှိကြီးတွေကိုယ်တိုင် ဘယ်သူမှ ဘာမှ လုပ်လို့ မရကြပါဖူး၊ ဒါ့ကြောင့် ဇာဂနာ က အဲဒီခေတ်မှာ လွှတ်တော် ဝန်ကြီးတွေ ခေါင်းပေါင်းစ ဘယ်ချသလား၊ ညာချသလား ဆိုတဲ့ ပျက်လုံးနဲ့ နာမယ်ကြီးခဲ့ပါတယ်)။ ကျနော်ဟာ ရန်ကုန်မှာ အဲဒီ အချိန်က ပထမနှစ် ဥပဒေ ကျောင်းတက်နေချိန်ဖြစ်ပြီး၊ ပါ့စ်ပို့ လျှောက်တဲ့ အခါ လိုအပ်ချက် တစ်ခုအတွက်ကြောင့် ကျောင်းက အထွက်ပြလိုက်ရပါတယ်။ ဒါကို အမေက သဘော မတူပါဖူး၊ နိုင်ငံခြားမှာ ကျောင်းတက်ရင် ဖြစ်ဖြစ် မြန်မာပြည်က ကျောင်းကိုတော့ မဖြုတ်ရဖူး၊ စာပေးစာယူ ဆက်တက်ရမယ် လို့ ပြောပါတယ်။ ဒါက မဖြစ်နိုင်ပါဖူး၊ အဲဒီတုန်းက ဥပဒေ စည်းမျဉ်းစည်းကမ်းအရ နိုင်ငံခြားကို သွားတဲ့ မြန်မာ ပါ့စ်ပို့ အနီရောင် (သာမာန် နိုင်ငံကူး လက်မှတ်) ကိုင်ထားတဲ့  သူတစ်ယောက်ဟာ မြန်မာပြည်က တစ်ခုတည်းရှိတဲ့ စာပေးစာယူ တက္ကသိုလ်နဲ့ ဆက်ပြီး၊ ပြည်ပကနေ လှမ်းတက်ခွင့် မရှိပါဖူး။ ဒါပေမဲ့ – အဲဒီတုန်းက စာပေးစာယူ တက္ကသိုလ် ပေါမောက္ခချုပ်က ကျနော့် အဖေရဲ့ ဦးလေး ဖြစ်တာမို့ ကျနော့် အမေက ကျနော့် အဖေရဲ့ ဦးလေးကို သွားတွေ့ပြီး ကျနော့် ကို တက်ခွင့်ပေးဖို့ ပြောပါတယ်။

ကျနော့်အဖေရဲ့ ဦးလေးက – ကျနော့်အမေကို အခုလို ရှင်းပြခဲ့ပါတယ်….

“ဒီဟာက ဘယ်တုန်းကမှလဲ မလုပ်ခဲ့ဖူးဘူး၊ ဘယ်သူကိုမှလဲ မလုပ်ပေးခဲ့ဖူးဘူး၊ နည်းလမ်းအရလဲ လုပ်ပိုင်ခွင့် မရှိဖူး။ ဒါပေမဲ့ ပြည်ပကနေ စာပေးစာယူ တက္ကသိုလ်ကို လှမ်းပြီး စာမေးပွဲ ဖြေလို့ရတာ ဆိုရင် သံရုံး အမှုထမ်း သားသမီးတွေဘဲ လုပ်လို့ရတယ်။ တကယ်တော့ သံရုံး အမှုထမ်းတွေ အတွက် ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ် ပုံစံနဲ့ မတူဖူးပေါ့၊ သို့သော် ကျောင်းဝင်ခွင့်က နိုင်ငံကူးလက်မှတ် ပုံစံကို မစစ်ဆေးဖူး၊ ဒါ့ကြောင့် နိုင်ငံခြား သံရုံး တစ်ခုခုမှာ အမှုထမ်းနေတဲ့ အမှုထမ်း တစ်ယောက်ယောက်ရဲ့ သားသမီး တော်စပ်တာကို ပြနိုင်ရင် လုပ်ပေးလို့ရတယ်”… လို့ ပြောပါတယ်။

ဒီအကြောင်းကို ကျနော့်အမေက တဆင့် ကျနော့် အဖေကို ပြောပြပါတယ်။ ဒီတော့ ကျနော့် အဖေက – “တူ တော်တယ်လို့ ပြောရင် ရလား?” မေးတဲ့ အခါ၊ ကျနော့် အမေက အဖေရဲ့ ဦးလေးကို တဆင့် ပြန်မေးရပြန်ပါတယ်။ ဦးလေးက “ရတယ်” လို့ဆိုတဲ့ အခါမှာတော့ ကျနော့် အဖေက သူမေးကြည့်ပေးအုံးမယ် ပြောပြီး၊ ကျနော့်ကို စောင့်ခိုင်းပါတယ်။

အဲဒီ အချိန်က ပါတီဌာနချုပ် ဆိုတာ ဝန်ကြီးဌာနတွေရဲ့ ရွံကြောက် အဖွဲ့ကြီး ဖြစ်ပါတယ်။ အုပ်ချုပ်ရေးနဲ့ တိုက်ရိုက် ပတ်သက်မနေပေမဲ့၊ ဝန်ကြီးတွေကို လိုသလို သူတို့ ဖြုတ်နိုင် ခန့်နိုင်ပါတယ်။ ဝန်ကြီးအများစုဟာလဲ တောထဲမှာ သဲကြီးမဲကြီး စစ်တိုက်နေတဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးတွေကို မြို့ပေါ် ခေါ်ပြီး၊ ဝန်ကြီး အဆောင်အယောင်ပေးကာ ချက်ခြင်း ဝန်ကြီးခန့်ထားခံရတဲ့ သူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့လဲ နေ့ချင်းညချင်း နတ်ပြည်ရောက်သလို ဖြစ်ကုန်ကြပြီး – အဖေကြီး ဦးနေဝင်းကို ကိုးကွယ်ကြပါတော့တယ်။ အဲဒီတော့ သံရုံး အမှုထမ်းဆိုတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက် တစ်ခုက အရာထမ်း အမှုထမ်းတွေဆိုရင် အဖေကြီး ဦးနေဝင်းရဲ့ ပါတီ အဖွဲအစည်းကြီးကို အတွင်း ၃၇မင်း၊ အပြင် ၃၇ မင်း ဆည်းကပ်သလို ဆည်းကပ်နေကြရပါတယ်။

“လမ်းစဉ် ဗဟို ပါတီဌာနချုပ်က ဦးဘယ်သူရဲ့ သားပါ…၊ ထိုင်းကို ရောက်လာပြီး စာပေးစာယူ ဆက်တက်ချင်လို့ ဝန်ထမ်းတစ်ယောက်ယောက်ရဲ့ တူ တော်စပ်ကြောင်း ရချင်ပါတယ်” – လို့ သံအမတ်ကြီးဆီကို အဖေက လှမ်းမေးတဲ့ အခါ – သံအမတ်ကြီး က “ရပါတယ်” ဆိုပြီး၊ သူ့ သံရုံးက ခိုင်းကောင်းတဲ့ ဝန်ထမ်း တစ်ယောက်ကို “မင်းလုပ်ပေးလိုက်ကွာ” လို့ ပြောတဲ့အတွက်၊ ကျနော်လဲ ထိုင်းနိုင်ငံ သံရုံး ဝန်ထမ်း ဦးဘယ်ဝါရဲ့ တူ တစ်ယောက် နေ့ချင်းညချင်း ဖြစ်သွားပါတော့တယ်။ ဒါနဲ့ဘဲ ကျနော်လဲ စာပေးစာယူ ထိုင်းကနေ ဆက်တက်ခွင့် ရတဲ့ အတွက် မြန်မာသံရုံးကနေ စာမေးပွဲကို သွားဖြေရပါတယ်။

အဲဒီမှာ သံရုံးကနေ စာမေးပွဲ ဖြေရမယ် ဆိုပေမဲ့လဲ တနှစ်လုံးမှာ ဘာစာမှ ကျက်တာ မှတ်တာ ဖတ်တာ မလုပ်ခဲ့ပါဖူး။ သံရုံးကနေ စာပေးစာယူက စာအုပ်တွေ ရောက်နေတယ် ဆိုရင် သွားယူလိုက်၊ အိမ်မှာ ဟိုလှန် ဒီလှန် နဲနဲ ဖတ်ကြည့်ပြီး စာအုပ်တွေကို အသစ်စက်စက် သိမ်းထားခဲ့တာပါ။ နောက်တော့  သံရုံးမှာ စာမေးပွဲ ဖြေမယ် ဆိုတဲ့ အခါ တာဝန်အရ သံအမတ်ကြီး စောင့်ပေးရမယ် ဖြစ်လာပါတယ်။ အဲဒီတော့ ကျနော်က စာအုပ်တွေ သယ်သွားပြီး၊ သံရုံးရဲ့ အိမ်သာခန်းထဲမှာ ဖွက်ထည့်ထားလိုက်ပါတယ်။

ပထမနေ့မှာ သံအမတ်ကြီးက စာမေးပွဲ စည်းကမ်းချက်တွေကို ဖတ်ပြပါတယ်။ စာမေးပွဲ ဖြေတဲ့ ကျောင်းသားက ကျနော်ရယ်၊ နောက်တစ်ယောက်ရယ် နှစ်ယောက်ထဲ ရှိပါတယ်။ ဒီသံအမတ်ကြီးက ကျောင်းဆရာမှ မဟုတ်တာ – ဘယ်လိုလုပ် စာမေးပွဲခန်း စောင့်တတ်မှာလဲ? ကျောင်းဆရာတွေ ကိုယ်တိုင်စောင့်တာတောင်မှ ကျောင်းသားတွေမှာ နည်းပေါင်းစုံ စာခိုးချ လို့ရနေတဲ့ဟာ…။ ဒါကို သံအမတ်ကြီးလဲ သိပုံရမှာပါ၊ တာဝန်အရသာ ဟိုယောင်ယောင် ဒီယောင်ယောင် ပထမပိုင်း နာရီဝက်လောက် လုပ်ပြပြီး သူလဲ အခန်းထဲက ပျောက်သွားပါတော့တယ်။ နောက်ရက်တွေမှာတော့ ပေါ်ကို မလာတော့ပါဖူး၊ သံရုံးဝန်ထမ်း တစ်ယောက်ကဘဲ စာမေးပွဲ ဖြေချိန်စရင်၊ မေးခွန်းချပေး ထွက်သွားပြီး၊ အချိန်စေ့ရင် စာရွက်ပြန်လာသိမ်းပါတယ်။

ဒါ့ကြောင့် ကျနော်လဲ အိမ်သာထဲမှာ ဖွတ်ထားတဲ့ စာအုပ်ကို အခန်းထဲ ယူပြီး၊ ဗြောင်ချကူးရေးဖို့ ပြင်ပါတော့တယ်။ တနှစ်လုံးကမှ စာကို မကြည့်လာတဲ့ ကျနော်ဟာ မေးခွန်းရဲ့ အဖြေကိုတောင် စာအုပ်ထဲမှာ မရှာတတ်ပါဖူး။ အဖြေ စာရွက်ပေါ်မှာ အမှတ်စဉ်တွေ တပ်ပြီး ဘာက စရေးရမယ်ကို မသိပါဖူး။ အဲဒီတော့ အဖြေရဲ့ အစ စာပိုဒ်တွေ ဖြစ်တဲ့ – အဲဒါက “အဘယ်ကြောင့် ဆိုသော်”…၊ “အကြောင်းရင်းတို့မှာ…” ၊ “…. အချက်ပါ မေးခွန်းကို ဖြေရလျှင်….” စတဲ့ စာလုံးတွေဘဲ ရေးထားနိုင်ခဲ့ပါတယ်။

အခန်းထဲကနောက် တစ်ယောက်ကိုတော့ ဘာမှ မေးလို့ မရပါဖူး၊ သူကတော့ မိန်းကလေးလဲ ဖြစ်တော့ စာကျက်ထားပုံရပါတယ်၊ ကုန်းကုန်းနဲ့ အချိန်လုပြီး ဖြေနေရတာမို့ သူ့လဲ အနှောက်အယှက် မပေးတော့ပါဖူး။

အချိန်စေ့လို့ အဖြေစာရွက်တွေ သိမ်းတဲ့ အခါမှာတော့ ကျနော့် စာရွက်က စာတစ်ကြောင်းစီ အစပြုထားတဲ့ အဖြေစာရွတ် အလွတ်ကိုဘဲ ပေးလိုက်နိုင်ပါတယ်၊ အဲဒါက ဒုတိယနှစ် ဥပဒေပါ…။

ကျနော် ကျပြီလို့ သိလိုက်ပါတယ်၊ ကျလဲ ကိစ္စမရှိပါဖူး…၊ ကျနော် အခု ထိုင်းတက္ကသိုလ်က ဘွဲ့တစ်ခုရရင် ပြီးတာပါဘဲ၊ အမေကသာ လောဘကြီးပြီး ဟိုရော ဒီဘာ ဘွဲ့ရစေချင်နေတာပါ။ ဒါပေမဲ့ ကျနော် ထင်သလိုမဟုတ်ခဲ့ပါဖူး၊ အောင်စာရင်းတွေ ထွက်လာတဲ့ အခါမှာ ကျနော် “အောင်တယ်” တဲ့…။

(အာစရိ ဆိုတာ မိဘနဲ့ အတူ အဆင့်အတန်းရှိပါတယ်၊ ကန်တော့ပါတယ် – ဒါပေမဲ့ ဆရာမ မပါလို့ မပြီးတဲ့ အတွက် ဆရာမ အကြောင်း နဲနဲ ရေးရပါလိမ့်မယ်။ ဆရာမကလဲ မဟုတ်တာ လုပ်တာကိုး…၊ အပြစ်ရယ်လို့ ဆရာမကို တင်တာ မဟုတ်ပါဖူး၊ ကျနော်တို့တွေ စံနစ်မှားထဲမှာ လူတိုင်း အမှားလုပ် ဖြစ်နေခဲ့တာကို မြင်စေချင်လို့ပါ)

ကျနော် အံ့အားသင့်ပြီး၊ ဘာမှ မဖြေဘဲ စာရွက်အလွတ်ကြီး ပြန်ပေးလိုက်တာကို ဘယ်လို အောင်သွားတာလဲ? လို့အမေ့ကို ပွင့်ပွင့်လင်းလင်း မေးကြည့်ပါတယ်။ ဒီတော့မှ အမေက ကျနော့် ဆရာမ အိမ်ကိုလာပြီး ကျနော့် ခုံနံပါတ် တောင်းယူသွားတယ် လို့ သိရပါတယ်။ ဒီ ဆရာမက ပထမနှစ်တုံးက ဆရာမပါ…၊ ကျနော့်မှာ မကောင်းတဲ့ အကျင့်တစ်ခုရှိပါတယ်၊ ကျနော် ငယ်ငယ်က ကျနော့်ထက် အသက်ကြီးတဲ့ အမျိုးသမီးတွေကို ချွဲတတ်ပါတယ်။ ဒီ ဆရာမကိုလဲ ကောင်းကောင်း ချွဲခဲ့ပါတယ်။ ဆရာမကို ပထမနှစ် တစ်လျှောက်လုံး ဘာမှ မပေးမကမ်း မကန်တော့ရဘဲ၊ ဆရာမကဘဲ မုန့်ဖိုးပေး၊ အိမ်စာလာပြပေး လုပ်နေတာပါ။ အခု နိုင်ငံခြားသွားမဲ့ဟာ သူ့ကိုတောင် မနှုတ်ဆက်ခဲ့ရပါဖူး၊ ဒါပေမဲ့ စာမေးပွဲ အချိန်နားရောက်တဲ့ အခါ အိမ်လာပြီး ကျနော် ဘယ်ကျောင်းဆက်တက် နေလဲ မေးတဲ့တော့ အမေက စာပေးစာယူ ဆက်တက်နေတယ်လဲ ပြောရော – ကျနော့် ခုံနံပါတ်ကို ချက်ခြင်းတောင်းတော့တာဘဲတဲ့။

အဲတော့ ရှင်းပြီပေါ့ဗျာ…၊ ကျနော့် အဖြေစာရွက်တွေမှာ အဖြေတွေ ရေးပေးတာ ဘယ်သူရှိတော့မလဲ? ဆရာမ မှ မလုပ်ပေးရင် ဘယ်လို အောင်မှာလဲ? ဆရာမကလဲ ပိုင်ပုံက နိုင်ငံခြားက ဖြေတဲ့ အဖြေလွှာတွေကို အမှတ်ခြစ်ပါရစေ ဆိုပြီး၊ ပေါမောက္ခ ဆီကတောင်းထားတာတဲ့၊ ပြီးရောပေါ့….။

ဒီလိုနဲ့ တတိယနှစ်လဲ အောင်ပြန်ပါတယ်၊ စတုတ္ထနှစ် စာမေးပွဲ မဖြေခင်မှာတော့ မြန်မာပြည်မှာ ကျောင်းတွေ ဖွင့်လိုက်၊ ပိတ်လိုက်၊ စာမေးပွဲတွေ နောက်ဆုတ်လိုက်နဲ့ စပြီး ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေပါပြီ၊ ဒါက ၁၉၈၇ လောက်မှာပါ။

၁၉၈၈ မှာတော့ အဖေရော၊ အမေရောက ကျနော့်ကို ပြန်လာဖို့ ခေါ်ပါတယ်။ ဒါနဲ့ ကျနော် မတ်လလောက်မှာ ပြန်ရောက်ခဲ့ပါတယ်၊ ဒါပေမဲ့ မြန်မာပြည်မှာ ပြန်နေဖို့တော့ မဟုတ်ပါဖူး၊ ခဏ တိုင်းပြည် ရုတ်ရုတ် ဖြစ်နေတုန်း ဘာလုပ်ကြမယ် ဆိုတာ မိသားစု အားလုံး သိထားဖို့အတွက် စုနေကြတာဖြစ်ပါတယ်။ အဲဒီလို ပြန်ရောက်လာတဲ့ အချိန်မှာ ပထမနှစ် တုန်းက သိခဲ့တဲ့ သူငယ်ချင်းတွေနဲ့ ရန်ကုန် တက္ကသိုလ် ဝင်းထဲမှာ ပြန်ဆုံ ဖြစ်ကြပါတယ်။ အဲဒီ ပြန်ဆုံ ဖြစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေကတော့ – ဒုဝန်ကြီး တစ်ယောက်ရဲ့သား၊ စစ်တပ် ဆေးတက္ကသိုလ်က ပေါမောက္ခ ဆရာဝန်ကြီး တစ်ယောက်ရဲ့သား၊ ရဲမှူးကြီး တစ်ယောက်ရဲ့သား နဲ့ အထူးကု ဆရာဝန်ကြီး တစ်ယောက်ရဲ့သား တို့ ဖြစ်ကြပါတယ်။ ကျနော်တို့ ငါးယောက်ဟာ မနက် မိုးလင်းပြီ ဆိုတာနဲ့ ကျောင်းမှာ တွေ့ကြပါတယ်၊ ပြီးရင် အများအားဖြင့် စစ်တပ် ဆေးတက္ကသိုလ်က ပေါမောက္ခ ဆရာဝန်ကြီး တစ်ယောက်ရဲ့သား (အမည်လွှဲပြောရင်) မောင်သိမ်း ရဲ့ အိမ်မှာ ထိုင်ပြီး စကားပြောကြပါတယ်၊ ညမိုးချုပ်မှ လမ်းခွဲပြီး အိမ်ပြန်တတ်ကြပါတယ်။ သူတို့က ကျနော့်ကို စတုတ္ထနှစ် ရန်ကုန် တက္ကသိုလ်ကို ပြန်ပြောင်းပြီး တက်ဖို့ တိုက်တွန်းပါတယ်။ သူတို့ တိုက်တွန်းလို့ ကျနော်လဲ သူတို့နဲ့ အတူ ကျောင်းပြန်တက်ဖို့ လိုအပ်တဲ့ ရုံးကိစ္စတွေ လုပ်နေတုန်းမှာပင် အစိုးရ ဌာနတွေ၊ ရုံးတွေကလဲ ဖွင့်လိုက် ပိတ်လိုက်နဲ့ အခြေအနေ မတည်ငြိမ်တာကြောင့် ဘာမှ မလုပ်ဖြစ်ခဲ့ပါဖူး။

ဒါနဲ့ဘဲ ကျနော်လဲ တက္ကသိုလ်မှာ တရားဝင်မဟုတ်တဲ့ ကျောင်းသား တစ်ယောက်အနေနဲ့ နေ့တိုင်း ကျောင်းရောက်နေပါတယ်။

အဲဒီလိုနဲ့ တရက်မှာတော့ အကြီးအကျယ် ကျောင်းမှာ လူစုလူဝေး ဖြစ်ကြပါတယ်။ ကျောင်းထိပ်မှာ လုံထိန်းတွေက ဝိုင်းထားပြီး ကျောင်းထဲကို ဒုတ်တွေနဲ့ ဝင်ဖို့ အသင့်ဖြစ်နေကြပါတယ်။ ကျောင်း ပတ်ပတ်လည် တံခါးတွေလဲ အကုန်ပိတ်ထားလိုက်ပါပြီ၊ ဒီ ထွက်ပေါက် တစ်ခုဘဲ ရှိပါတော့တယ်။ ကျောင်းသားအုပ်စုက ကျောင်းတံခါးပေါက်ကြီး နောက်ကို နဲနဲ ဆုတ်သွားပါတယ်။ ဒါပေမဲ့ သူတို့မှာ ထပ်ဆုတ်လို့ မရတော့ပါဖူး၊ အနောက်ပေါက်တွေ အကုန် ပိတ်ထားပြီးပါပြီ။

အဲဒီတော့ အရင်က လူအုပ်ကြားထဲရှိနေခဲ့ကြတဲ့ ကျနော်နဲ့ ကျနော့် သူငယ်ချင်း လေးယောက်က ကျောင်း ဂိတ်အဝင် ကားလမ်းဘေး၊ လုံထိန်းတွေနဲ့ ကျောင်းသားတွေရဲ့ အကြား တည့်တည့် ရောက်သွားပါတော့တယ်၊ ကျနော်တို့က လမ်းဘေးမှာ ထိုင်နေကြတာပါ။

တဖက်က လုံထိန်းတွေကလဲ ရှေ့ကို တဖြည်းဖြည်း တိုးလာနေကြပါတယ်။ သူတို့မှာ ဒုတ်တွေ ဒိုင်းတွေပါလာကြပြီး၊ သူတို့နောက်က မီးသတ်ကားတွေကို တွေ့ရပါတယ်။ ဒီတော့ ကျနော်က သွေးလန့်ပြီး မတ်တတ်ရပ်ကာ – ရဲမှူးကြီး ရဲ့သား (အမည်လွဲပြောရင်) ကိုကို ကိုမေးလိုက်ပါတယ်။

“ဟေ့ကောင်… ဘယ်လို လုပ်ကြမလဲ၊ ထ ကြလေကွာ…၊ ငါတို့ ဘယ်အပေါက်က ထွက်မလဲ?”

ရဲမှူးကြီးသားက ဆေးပေါ့လိပ် အဖွာမပျက်ပါ။ ပြီးတော့ တဟဲဟဲ ရီပြီး –

“မင်းကကွာ ငါတို့ ဆီမှာက ဒါမျိုး နေ့တိုင်း လေ့ကျင့်နေတာတွေ တွေ့နေရတာ၊ ရိုးနေပြီ၊ သူတို့ ဘာလုပ်မယ် ဆိုတာ သိပြီးပြီ၊ ငြိမ်ငြိမ်ထိုင်စမ်းပါကွာ…၊ ချက်ခြင်း မဝင်သေးပါဖူး၊ အနည်းဆုံး နာရီဝက်လောက် ကြာလိမ့်အုံးမယ်” လို့ ပြောပါတယ်။

“နေစမ်းပါအုံး… နာရီဝက်လဲ နာရီဝက်ဘဲ၊ ငါတို့ ဘယ်အပေါက်ကနေ ထွက်ကြမလဲ? အရင် ရှာထားကြရမယ်” လို့ ကျနော်ပြန်ပြောတော့၊ ကိုကို က ရီမြဲရီရင်းနဲ့ဘဲ –

“လုံထိန်းဆိုတာ ငါ့အဖေ တပည့်တွေပါကွာ၊ သူတို့ ဆရာ တပ်ထိန်းက ငါတို့ ခြံမှာ ကူလီလုပ်ခိုင်း၊ အကြမ်းခိုင်းနေတဲ့ အလုပ်သမားပါ၊ သူတို့က ငါတို့ကို ဘာလာလုပ်ရဲမှာလဲ?”

“အေး… မင်းကတော့ ဟုတ်မှာပေါ့ကွာ၊ ဒါပေမဲ့ ငါတို့နဲ့မှ မသိဘဲ ငါတို့ အဆော်ခံ ထိမှာပေါ့” လို့ ပြောပြန်တော့၊ သူက –

“စိတ်မပူစမ်းနဲ့ ဟာ့ကောင်ရာ ထိုင်နေစမ်းပါ” လို့ ဆိုပြီး စကားဖြတ်လိုက်ပါတယ်။

ကျန်တဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ မောင်သိမ်းရယ်၊ နောက် ဆရာဝန်ကြီးသား (အမည်လွှဲပြောရင်) ကိုခိုင်ရယ်၊ ဒုဝန်ကြီးသား (အမည်လွှဲပြောရင်) ကိုထူး ရယ်တို့ကလဲ ထိုင်ရာက မထကြတော့ ကျနော်လဲ သူတို့နဲ့ ပြန်ထိုင်နေလိုက်ပါတော့တယ်။

နာရီဝက်လောက် ကြာတဲ့ အခါမှာတော့ ကိုကို က – “မောင်သိမ်းတို့အိမ် သွားကြမယ်ကွာ” ဆိုပြီး ထထွက်ပါတော့တယ်။ ဒါနဲ့ ကျနော်တို့လဲ သူ့နောက်က လိုက်ရပါတယ်၊ သူက ကန့်လန့်ဖြတ် ကျောင်းဆောင်ဖက်ကို လျှောက်ပြီး အဲဒီ နောက်ဖက် အပေါက် တစ်ခုက ကမာရွတ်ရဲစခန်းကို တောက်လျှောက် ပေါက်တဲ့ နေရာကို ဦးဆောင် ခေါ်သွားတော့မှ အဲဒီ အပေါက် ပွင့်နေတာကို တွေ့ရပါတယ်။

“ဒါတွေက ကျောင်းကို ဝင်ရင် သူတို့ ဘယ်လိုဝင်ပြီး၊ သူတို့ ပိတ်မိလို့ ပြန်ဆုတ်ရင် သူတို့ အတွက် သူတို့ လမ်းဖောက်ဖွင့်ထားတဲ့ ပလင် (plan) ထဲဆွဲထားတာတွေပါကွာ…၊ ဒါတွေ ငါ့အဖေဆီမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက သူတို့ ဆွဲထားပြီးသားတွေပါ” လို့ ခပ်ကြွားကြွားလေးနဲ့ ကိုကိုက ပြောလိုက်ပါတယ်။

နောက် ကျနော်တို့လဲ အဲဒီလမ်းကနေ ထွက်ပြီး မောင်သိမ်းတို့ အိမ်ကို ရောက်ခဲ့ကြပါတယ်။ ညရောက်တော့ မှ ခါတိုင်းလို လမ်းခွဲဖို့ ပြင်ဆင်ထားပေမဲ့ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်တဲ့ အတွက် နောက်ဆုံးတော့ မောင်သိမ်းအိမ်မှာဘဲ အိပ်ကြရဖို့ ဖြစ်ပါတော့တယ်။ နောက်ရက်တွေမှာလဲ ကျနော်တို့ ကိုယ့်အိမ်ကို ပြန်ကြရင် ပြန်ဆုံဖို့  မလွယ်တော့တာကြောင့် မောင်သိမ်းနဲ့ဘဲ အရေးအခင်း အခြေအနေ နဲနဲ ငြိမ်တဲ့အထိ အတူနေကြဖို့ သက်ဆိုင်ရာ အိမ်တွေကို အကြောင်းလိုက်ကြပါတော့တယ်။

အဲဒီညမှာက စပြီး၊ ကျနော်တို့ ပြောခဲ့ကြတဲ့ ကျနော်တို့ရဲ့ အဖေတွေဆီက တဆင့် သိရ ကြားရတာတွေကို စုပြီး ပြောဖြစ်ခဲ့ကြတဲ့ စကားတွေထဲက မှတ်မိသလောက် ပြန်ပြီး၊ ဒီဆောင်းပါးမှာ အခန်းဆက်ရေးရင်း ကျနော်က ပြောပြမှာပါ။


(ဆက်လက်ဖော်ပြပါမည်)

ဤဝက်ဘ်ဆိုဒ်နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်များ နှင့် မူပိုင်ခွင့် ကို လေးစားပြီး အားပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
4 comments

အခြားဖတ်စရာများ -

စာဖတ်သူ၏ မှတ်ချက်များ

  1. အရမ်းဖတ်လို့ကောင်းတယ် ဦးရေ ၊ ဗဟုသုတ ရတယ်နော် ၊ မျှော်နေပါတယ်

    0

    0

စာဖတ်သူ၏ မှတ်ချက် ရေးသွင်းရန်

(မှတ်ချက်ရေးသွင်းသည့်အခါ အမည်နှင့် အီးမေးလ် လိပ်စာထည့်သွင်းရန် လိုအပ်ပါသည်၊ အီးမေးလ် လိပ်စာကို အများမြင်အောင် မည်သည့်နေရာတွင်မှ ဖော်ပြမည် မဟုတ်ပါ။)

မှတ်ချက်များ ထည့်သွင်းခြင်း နှင့် ပတ်သက်၍ သတိပြုရန်