၈၈ က ကျနော်တို့ ပြောခဲ့ကြတဲ့ ကောလဟာလများ (၂)

[နံပါတ် (၂) – ကျနော်တို့ရဲ့ အဖေတွေ အကြောင်း ပြောပြပါမယ်]

ကျနော်တို့ အဖေတွေက အဲဒီ ခေတ်အခါမှာ ပေါက်ပေါက်ရောက်ရောက် ရှိကြတဲ့ ‘လူကြီး’ တွေ ဆိုတာကို ပြောထားခဲ့ ပြီးပါပြီ။ ဒီအခါ စာဖတ်တဲ့သူ အချို့က ကျနော်တို့ အပြင်လူတွေ ဖက်က မြင်ကြသလို၊ ကျနော်တို့ရဲ့ အဖေတွေကို – အဖေကြီး ဦးနေဝင်းရဲ့ သားလေးတွေ လို့ မြင်ကြပါလိမ့်မယ်။ ဒါကို ပထမ ကြိုတင် ရှင်းပြထားပါမှ – ကျနော်တို့ ပြောတဲ့ ကောလဟာလ စကားတွေ ကို ချင့်ချိန်နိုင်မယ် ထင်ပါတယ်။

ကျနော့်နဲ့ ကျနော့်အဖေ

ကျနော့်အဖေက အမှန်မှာ တက္ကသိုလ်က ကျောင်းဆရာ တစ်ယောက်ပါ၊ စစ်သား တစ်ခါမှ မလုပ်ဖူးပါဖူး၊ အရပ်သား စစ်စစ် တစ်ယောက်ပါ။ ကျနော့်အဖေရဲ့ ဌာနမှာ ကျနော့်အဖေနဲ့ အတူတူ တွဲလုပ်ရတဲ့ ကျောင်းဆရာမက အဲဒီ အချိန်မှာ နိုင်ငံတော် သမ္မတကြီး ဦးဆန်းယုရဲ့ သမီး ဖြစ်ပါတယ်။ အဲဒီ ဆရာမက အဖေ့ကို ရင်းနှီး ခင်မင်တဲ့ အတွက် – ပါတီမှာ အလုပ်တွဲလုပ်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျောင်းလခရော၊ ပါတီလခပါ ရမဲ့ အပြင် – ပါတီက ပေးတဲ့ သက်သာချောင်ချိရေး အခွင့်အရေးတွေပါ ရမှာ ဆိုတော့ အဖေလဲ လက်ခံခဲ့ပါတယ်။

ဒီိလိုနဲ့ နောက်ဆုံး ဌာနကြီးမှူး အဆင့်နဲ့ အစိုးရ ဌာနတွေမှာ ဝန်ထမ်းလျှောက်ရင် ပါတီရဲ့ ထောက်ခံချက် ထုတ်ပေးရတဲ့ ဌာနအတွက် လက်မှတ်ထိုးရတဲ့ လူကြီး အလုပ်ကို တာဝန်ယူရပါတယ်။ ကျနော့် အဖေရဲ့ လက်ထောက် အတွင်းရေးမှူးက အရင်အရာရှိဟောင်းရဲ့ လူဟောင်း ကျန်ခဲ့တာ ဖြစ်ပါတယ်။ သူ့လက်ထောက်က အရင် ဆရာနဲ့ ပုံစံနဲ့ ထုံးစံ အတိုင်း ထောက်ခံချက်တောင်းတဲ့ သူတွေကို ပုံစံကြေးကောက်၊ နောက် ငွေ အတိုင်းအတာ ဘယ်၍ ဘယ်မျှ တောင်းယူပြီးမှ အဖေ့ကို လက်မှတ်ရေးထိုးပေးဖို့ စီစဉ်ပါတယ်။ ညနေပိုင်းမှာတော့ စာထုတ်နဲ့ ကျနော့်အဖေကို ငွေ သောင်းချီ လာအပ်ပြီး၊ ဒါ ဒီနေ့ရတဲ့ ဝင်ငွေပါဆရာ လို့ ပြောတော့ ကျနော့် အဖေက နားမလည် ဖြစ်သွားတယ်တဲ့။

နောက်တော့ အဖေက – “ဘယ်သူ့ဆီကမှ ငွေတပြားမှ လက်မခံရဖူး” လို့ အမိန့်ထုတ်လိုက်တော့၊ သူ့လက်ထောက်က – “ကျွန်တော်တို့ အဲသည်လိုမှ မယူရင် ဘာနဲ့သွားစားကြမှာလဲ ဆရာ?” လို့ ရိုးရိုးလေးဘဲ ပြန်မေးလိုက်ပါတယ်။

(ဝန်ထမ်းလစာမှာ အဲဒီခေတ်က (ကျနော် အမှတ်မမှားခဲ့ရင်) ဝန်ကြီးတစ်ယောက်ကို ကျပ် တစ်သောင်းလောက်ဘဲ ရခဲ့ကြတာ ဖြစ်တယ်။ ကျနော့် အဖေ အဆင့်က ထောင် ဂဏန်းလောက်နဲ့ ကျနော့်အဖေရဲ့ လက်ထောက် အဆင့်က ရာ ဂဏန်းလောက်သာ ဝင်ကြပါတယ်။ အဲဒီ အချိန်မှာ အင်းယားလမ်းက မြေတကွက်နဲ့ အိမ်ကောင်းကောင်း တစ်ခုကို သိန်း ၂၀ လောက် ပေါက်နေတဲ့ အချိန်ပါ။ ဒေါ်လာနဲ့ တွက်ကြည့်မယ် ဆိုရင်တော့ အဲဒီ အချိန်မှာ အရောင်းအဝယ် တကယ်ဖြစ်တဲ့ ပုံမှန်ပေါက်ဈေးက မြန်မာငွေ ၂၅ ကျပ်ကို ၁ ဒေါ်လာဖြစ်ပါတယ်။ ကျနော့် အဖေဆိုရင် ဒီငွေ ထောင်ဂဏန်းနဲ့ ကျနော်တို့ကို ကောင်းကောင်း မထားနိုင်ခဲ့ပါဖူး၊ ကျနော့် အမေဖက်က အဖွားက ချမ်းသာပြီး သူ့တိုက်ပေါ်မှာ ကျနော်တို့ တမိသားစုလုံးကို တင်ကျွေးထားရတာပါ။)

အဲတော့ ကျနော့်အဖေက သူလဲ တပြားတချပ်မှ မယူဖူး၊ မင်းလဲ တပြားတချပ်မှ မယူနဲ့လို့ ဆိုတော့- သူ့လက်ထောက်က -“ဒီလို ဆိုရင်တော့ ဆရာ၊ ကျနော့်မှာ ဒီလစာငွေလေးလောက်နဲ့ မိသားစု စားရသောက်ရ မလောက်ဌဖြစ်ပါလိမ့်မယ်” လို့ ပြောပြပါတယ်။

“မင်း မိသားစု စားရ သောက်ရ မလောက်ဌရင် ငါ့ လစာကို မင်း ပေးမယ်ကွာ…” လို့ ကျနော့် အဖေက ပြန်ပြောလိုက်တဲ့ အခါမှာတော့၊ အဖေ့ကို လေးစားသွားပြီး ပထမတော့ အလုပ် ဆက်လုပ်နေပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ – “ဆရာ ကျနော်တို့တော့ မခံနိုင်တော့ဖူး၊ ဆရာ့လစာနဲ့ ပေါင်းလဲ ကျနော်တို့ တကယ် မလုံလောက်တော့ဖူး၊ ဒါ့ကြောင့် ကျနော် အလုပ်က ထွက်ပြီး ဘုန်းကြီးဘဲ ဝတ်တော့မလို့ ဆရာ…” ဆိုပြီး အလုပ်က ထွက်သွားပါတော့တယ်။

ဒါ့ကြောင့် ဦးနေဝင်းကို အဖေကြီးလို့ ခေါ်နေကြတဲ့ ခေတ်မှာ – ကျနော့် အဖေလို လူမျိုးက ခေတ်နဲ့ အံမဝင်ပါဖူး။ အဲဒီလို အံမဝင် ခွင်ကျတာတွေ တွေ့ရတဲ့ အတွက် အဖေက သူ အလုပ်ခွင် အတွေ့အကြုံတွေကို အမေ့ကို ပြောပြတတ်ပါတယ်။ ဒါကို ကျနော်က ကျနော့် သူငယ်ချင်းတွေဆီကို ပြန်ပြီး ဖောက်သည်ချခဲ့ပါတယ်။

ကိုထူးနဲ့ သူ့အဖေ ဒုဝန်ကြီး

ကိုထူးရဲ့ အဖေက သူ့ဝန်ကြီးဌာန အကြောင်း ဘာမှ နားမလည်ဘဲ၊ မကျွမ်းကျင်ဘဲ စစ်တိုက်ကောင်းလို့ ရှေ့တန်းက ခေါ်ပြီး အဖေကြီး ဦးနေဝင်းရဲ့ မြှောက်စားခြင်း ခံထားရတာပါ။

တရက် ကျနော်တို့ ဆုံကြတဲ့ အချိန် မောင်သိမ်းက ရိသဲ့သဲ့နဲ့ ကိုထူးကို ပြောပါတယ် …

“ဒီခေတ်မှာ ဒုဝန်ကြီး အဆင့်ဆိုတာ နယ်နယ်ရရ အဆင့်မဟုတ်ဖူးကွ၊ ဦးနေဝင်းက တော်တော် တန်တန် တုံးတာလောက်တော့ စာရင်းထဲ မထည့်တဲ့ အတွက်၊ အခု မင်းအဖေ ဒုဝန်ကြီး ဖြစ်တာ တော်တော် တန်တန် တုံးလို့ အလို့တော့ မဖြစ်နိုင်ဖူး၊ တော်တော့်ကို နလဗိန်းတုံးမို့လို့ ဒီလို နေရာမျိုး ရတာ” လို့ ပြောပြီး တဟားဟားနဲ့ သူတစ်ယောက်ထဲ ရီပါတော့တယ်။

ကျနော်ကတော့ – အချင်းချင်း ဖိုက်ကုန်ကြပြီ၊ ကိုထူးကတော့ မောင်သိမ်းကို ထထိုး လိုက်တော့မယ် ထင်နေပါတယ်။ ဒါပေမဲ့ ကိုထူးက – “ငါလဲ ငါ့အဖေကို ပြောပါတယ်…၊ အဖေရေ – ခွေးဖြစ်တုန်း ချီးစားထားရတာ စားသာစားထား၊ နောက် ပြုတ်သွားမှ ခွေးဖြစ်တုန်းက ချီးစားရတဲ့ အကြောင်းတွေ ပြန်ပြောနေလဲ အလကားဘဲ လို့ ပြောလိုက်တယ်”

ဒီလို ကိုထူးက သူ့အဖေကို သူ ပြန်ပြောလိုက်တဲ့ အခါကြတော့ ကျနော် အင်မတန် အံ့အားသင့်သွားတယ်။ နောက်ပိုင်း သဘောပေါက်တာက – သူ့အဖေက တောထဲမှာသာ စစ်တိုက်နေတာ၊ သူ့သားက အဲဒီ ကတည်းက ရန်ကုန်မြို့မှာ ကျောင်းတတ်နေတာလေ။ ပထမနှစ် ကျောင်းသားနဲ့ နလဗိန်း အဖေ၊ ဘယ်လို ပေါင်းလို့ ဖြစ်မလဲ ဆိုတာ ကိုယ်ချင်းသာ စာကြည့်ကြတော့ပေါ့။

ကိုကို က ဝင်ပြီး – “ဒီတော့ ကိုထူး… မင်းကို မင်း အဖေက ဘာပြန်ပြောလဲ” လို့ မေးတဲ့ အခါ၊ ကိုထူးက – “မအေလိုးလေး – လို့ ပြန်ဆဲတယ်၊ ဟုတ်လဲ ဟုတ်နေတာဘဲလေ သူက ငါ့အဖေဘဲ… ငါ့အမေကိုလိုးလို့ ငါထွက်လာတာဘဲ” ဆိုတော့ ကျနော်တို့ အားလုံးရဲ့ ရယ်သံ ကျယ်သွားခဲ့ပါတယ်။

ကိုကိုနဲ့ သူ့အဖေ ရဲမှူးကြီး

ကိုကိုကတော့ တော်တော် လှို့ဝှက်တယ်၊ တော်တော် တန်တန် သူ့အိမ် အကြောင်းကို သူမပြောဘဲ ထားတတ်တယ်။ ဒါပေမဲ့ ကျနော်တို့ သူငယ်ချင်းတွေက ညအိပ်ညနေ အတူနေကြ၊ တအိမ်ဝင် တအိမ်ထွက် ရှိနေကြတဲ့ အခါမှာတော့ သူ့မိသားစု အကြောင်း ကန့်ကန့် သတ်သတ်နဲ့ ဒီလို ပြောပြခဲ့ပါတယ်။

“ငါ့အဖေ ရဲမှူးကြီးက ဘာဆို ဘာမှ နားမလည်တဲ့ စစ်သားလူထွက် လူရိုးကြီး၊ ရုပ်ရှင်တောင် မင်းသား ရုပ်ဆိုးရင် မကြည့်ဖူးဆိုတဲ့ တောသားကြီးမျိုး၊ ပဂတိ အရိုး အဆင်း၊ ဒါပေမဲ့ ငါ့အမေက နောက်ကနေ ငါ့အဖေကို ကြိုးကိုင်ထားတယ်။ ဒီတော့ ရဲမှူးကြီး ပါဝါကို အသုံးချပြီး၊ နောက်ကနေ ပိုက်ဆံပေးတာလေးတွေ ငါ့ အမေရနေတယ်။ ဒါပေမဲ့ ငါ့ အမေဖက်က အမျိုးတွေကလဲ ချမ်းသာတာမို့လို့ ငါ့အမေက မိသားစု လောက်ရုံလောက် လုပ်နေတာ၊ ဒါမှလဲ နာမည်ပျက် မထွက်မှာပေါ့။ နောက်ဆုံး ငါ့အဖေက ရိုးလွန်း – အ, လွန်းတော့ အဲဒီတုန်းက ဘယ်သူမှ လက်မခံချင်တဲ့ ရာထူး ‘လုံထိန်း’ တပ်ချုပ်ပေးတာကို လက်ခံယူလိုက်တယ်။”

ကိုကို က ပြောရင်း ခေါင်းတရမ်းရမ်း ခါလိုက်ပြီး စကားကို ခဏ ရပ်လိုက်ပါတယ်၊ နောက်တော့မှ ဆက်ပြောတာက…၊

“မကြာပါဖူး အခု အရေးအခင်းကြားထဲမှာ ရာထူးက ဖြုတ်ခံထိလိုက်တယ်။ အကြောင်းပြချက်ကတော့ ငါ့အဖေက လုံထိန်းတွေကို တကယ်မရိုက်ဘဲ ခြောက်ပြရုံ ခြောက်ပြခိုင်း လိုက်တော့၊ ဟိုဖက်က လူအုပ်က တကယ်မရိုက်တာ သိသွားပြီး ဒုတ်တွေ ဒါးတွေနဲ့ ပြိုဆင်းလာကြတဲ့ အခါ လုံထိန်းတွေ ဖရိုဖရဲ ထွက်ပြေးကုန်ပြီး တပ်ပျက်သွားတဲ့ အကြောင်းဘဲ။ အဲ့ဒီ့ အတွက် ချက်ခြင်း နှုတ်ထွက်၊ ညတွင်းချင်း အိမ်ပေါ်က အထုတ်ပိုက် ဆင်းခဲ့ရတယ်၊ အိမ်မှာ တပ်ထားတဲ့ လိုက်ကာတွေ၊ ဆိုဖာတွေ ထားခဲ့ရတယ်။ အခု ငါ့အမေအိမ် ရှိနေလို့ ငါတို့ နေစရာ ရှိတာပေါ့။”

မောင်သိမ်း နဲ့ သူ့အဖေ ဆေးတက္ကသိုလ် ပေါမောက္ခ ဆရာဝန်ကြီး

မောင်သိမ်းရဲ့ အဖေက ကျနော်တို့ အဖေတွေထက် အသက်ကြီးပါတယ်။ စစ်တပ်က ဆရာဝန်တွေက သူ့ ကျောင်းသား တပည့်တွေ ဖြစ်နေတော့ – သူ့အတွက်က ဘာလုပ်လုပ် အစဉ်ပြေနေပါတယ်၊ နေ့တိုင်း အိမ်ကို ထမင်းဟင်း ပို့ပေးမဲ့လူ ရှိတယ်။ ဆရာဝန်ကြီး လစာငွေ ဘယ်လောက်ရသလဲတော့ မောင်သိမ်းက မပြောပြပါဖူး၊ ဒါပေမဲ့ စစ်တပ်က ဗိုလ်ချုပ်တစ်ယောက်ကို တစ်လ တစ်ခါ ဆေးစစ်ပေးလို့ ရတဲ့ လက်ဆောင်တွေကိုတော့ မောင်သိမ်းက သိမ်းယူလိုက်ပြီး၊ ပြန်ရောင်းစား ပစ်တယ်လို့ ပြောပါတယ်။ အဲဒီ လက်ဆောင်တွေကဘဲ တစ်လကို တစ်သိန်းလောက် တော့ ရတယ်တဲ့၊ ဒါ့ကြောင့်လဲ မောင်သိမ်း အမတွေ စင်္ကာပူသွား ကျောင်းတက် နေနိုင်ကြတာ ဖြစ်မယ် ထင်ပါတယ်။

ကိုခိုင် နဲ့ သူ့အဖေ ဆရာဝန်ကြီး

ကိုခိုင် အဖေကတော့ အစိုးရ ဆေးရုံက ဆေးရုံအုပ် ဆရာဝန်ကြီး တစ်ယောက်ဖြစ်ပါတယ်။ ဆေးရုံ ထုံးစံအရ ကုတင်တစ်လုံးကို ဘယ်လောက်ဆိုပြီး၊ သူနာပြုတွေ ကောက်ပေးရတာမှာ ဆေးရုံအုပ်ကြီးက ရှယ်ယာ အများဆုံးရပါတယ်။ ဝန်ထမ်း အဆင့်ဆင့် ရှယ်ယာ လစဉ် ခွဲယူနေတဲ့ စံနစ်ဖြစ်နေတဲ့အခါ သူ့အဖေလဲ ငြိမ်ငြိမ်လေး မပြုတ်အောင် နေရင်း…၊ ပေးတာလေးတွေ ယူရင်း… ခြံထဲမှာ နောက်အိမ် တစ်လုံးဆောက်နေပါတယ်။ သူ့ အဖေ ဆရာဝန်ကြီးကတော့ ကျနော်တို့နဲ့ တွေ့ရင် လေပေးဖြောင့်တတ်တဲ့ အတွက် သူ့အဖေဆီကရတဲ့ အတွေ့အကြုံစကားတွေလဲ ကျနော် ဝေဌပေးပါမယ်။

[နံပါတ် (၃) – မှာတော့ ကြားခဲ့ ပြောခဲ့သမျှကို သရုပ်ဖော်ပြဖို့ဘဲ ဖြစ်ပါတယ်]

အကြောင်းအရာ တစ်ခုခြင်းအလိုက်ကို အစီအစဉ် မထားဘဲ၊ တစ်ခုခြင်းစီ အတွက် သီးခြား ခေါင်းစဉ်ပေးကာ ရေးသွားပါမယ်။


(ဆက်လက် ဖော်ပြပါမည်)

ဤဝက်ဘ်ဆိုဒ်နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်များ နှင့် မူပိုင်ခွင့် ကို လေးစားပြီး အားပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
No comments yet

အခြားဖတ်စရာများ -

စာဖတ်သူ၏ မှတ်ချက် ရေးသွင်းရန်

(မှတ်ချက်ရေးသွင်းသည့်အခါ အမည်နှင့် အီးမေးလ် လိပ်စာထည့်သွင်းရန် လိုအပ်ပါသည်၊ အီးမေးလ် လိပ်စာကို အများမြင်အောင် မည်သည့်နေရာတွင်မှ ဖော်ပြမည် မဟုတ်ပါ။)

မှတ်ချက်များ ထည့်သွင်းခြင်း နှင့် ပတ်သက်၍ သတိပြုရန်